မြန်မာနိုင်ငံ၏ ဖိုက်ဘာကွန်ရက် ချိတ်ဆက်မှု ပိုမိုကောင်းမွန်သည့်
အနေအထားဖြစ်လာရန် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း (ISP) အချင်းချင်း
ပူးတွဲလုပ်ဆောင်ရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက
တိုက်တွန်းကြောင်း သတင်းရရှိသည်။
လက်ရှိ ပြည်တွင်း၌ တရားဝင်ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်
ထုတ်ပေးထားသည့် ကုမ္ပဏီပေါင်း ၆၁ ခုရှိနေ ပြီး ကောင်းမွန်သည့်
ဖိုက်ဘာချိတ်ဆက်မှုဖြစ်လာရန်နှင့် ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်ကြောင်း အထက်ပါဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က တိုက်တွန်းသည်။
‘‘တခြားနိုင်ငံမှာက တစ်လိုင်းပျက်ရင် တစ်လိုင်းရှိတယ်။ နောက်နှစ်
နှစ်သောင်းမှန်းထားတယ်။ ဆားဗစ်ပရိုဗိုက်တာအချင်းချင်း Inter Connect
လုပ်ဖို့ ပူးတွဲဆောင်ရွက်ဖို့အတွက်ကိုလည်း ဝန်ကြီးဌာနအနေနဲ့ တိုက်တွန်း
ဆောင်ရွက်နေပါတယ်’’ဟု ဒုဝန်ကြီးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ဖိုက်ဘာကွန်ရက်ကီလိုမီတာ
ရှစ်ထောင်ခန့်သာရှိပြီး ကောင်းမွန်သည့် အနေအထားဖြစ်လာရန် ကီလိုမီတာ
နှစ်သောင်းခန့်လိုအပ်နေခြင်း ဖြစ်သည်။
‘‘နိုင်ငံတကာအတိုင်း စိတ်ချလက်ချ ဖိုက်ဘာကို အဆက်အသွယ်မပျက် ကွာလတီမကျဘဲ
ကီလိုမီတာသိန်းဂဏန်းအထိ လိုမယ်လို့ ပြောကြပါတယ်။ ပင့်ကူမျှင်လိုမျိုး။
အခုရှစ်ထောင်၊ နှစ်သောင်းလောက် ရောက်ရင်
တော်တော် စိတ်ချရတယ်’’ဟု ဒုဝန်ကြီး က ဆက်လက်ပြောသည်။
ISP များအကြား ပူးပေါင်း လုပ်ကိုင်ပါက အင်တာနက်လိုင်း ရယူလိုသူများအတွက်
ပိုမိုအကျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေဖြစ်လာမည်ဖြစ်ပြီး
လုပ်ငန်းရှင်များအတွက်လည်း အဆင်ပြေနိုင်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ
အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက သုံးသပ်သည်။
အခြားတစ်ဖက်တွင် ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသည့်နှုန်းမှာ
လစဉ်သန်းချီတိုးပွားနေပြီး ယခုနှစ်အကုန်တွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းကို
ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်နိုင်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်
နည်းပညာဝန်ကြီးဌာနက မျှော်မှန်းထားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း (MPT)၊ အူရီးဒူးမြန်မာနှင့်
တယ်လီနောမြန်မာစသည့် အော်ပရေတာသုံးခုမှ ချထားပေးသည့် ဆင်းမ်ကတ်အရေအတွက်မှာ
၃၂ သန်းကျော်ရှိနေပြီဖြစ်ပြီး လက်ရှိအသုံးပြုနေသူဦးရေမှာ
သန်း ၂၀ ကျော်ရှိနေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖွဲ့စည်းရန်
လုပ်ဆောင်နေပြီး ကုမ္ပဏီဖွဲ့စည်းပြီးပါက ဆက်သွယ်ရေးနှင့်ပတ်သက်၍
ရွေးချယ်ခွင့်ပိုမိုများပြားလာမည်ဖြစ်ကာ ဝန်ဆောင်မှုများလည်း
ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ထားကြောင်း နည်းပညာကုမ္ပဏီအချို့က
ဆိုသည်။
Credit To .>>> 7Day News
Wednesday, November 11, 2015
ဖိုက်ဘာကွန်ရက် ပိုမိုကောင်းမွန်စေရေး ISP အချင်းချင်း ပူးတွဲလုပ်ကိုင်ရန် ဆက်သွယ်ရေးဝန်ကြီးဌာန တိုက်တွန်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment