Friday, November 13, 2015

လေယာဉ်ပျံသန်း မှုများကို ဂြိုဟ်တုအသုံးပြု ခြေရာခံရန် ကမ္ဘာ့နိုင်ငံများ သဘောတူညီမှု ရရှိ


၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးခဲ့သော MH370 ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွား စေရန်အတွက် လေကြောင်း ပျံသန်းမှုများကို ဂြိုဟ်တုများ အသုံးပြု ခြေရာခံရန်အတွက် သမိုင်းဝင် သဘောတူညီချက်ကို ကမ္ဘာ့နိုင်ငံများက နိုဝင်ဘာ ၁၁ ရက်တွင် ရေးထိုးနိုင်ခဲ့သည်။ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ် International Telecommunication Union က ဦးဆောင် ကျင်းပသော ညီလာခံတွင် ကမ္ဘာ့နိုင်ငံများက လေယာဉ်ခရီးစဉ်များ ခြေရာခံရေး သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။

မြေပြင်အခြေစိုက် ရေဒါများကို မှီခိုနေရသော အရပ်ဘက် လေကြောင်း ခြေရာခံစနစ်ကို တိုးတက်စေရန် ရည်ရွယ်သော ယင်းသဘောတူညီချက် အတွက် နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။ မလေးရှား လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ် MH370 ပျောက်ဆုံးမှုက ယခု သဘောတူညီချက် ရရှိရေးကို လုံးဝဖြစ်စေခဲ့ကြောင်း ITU က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ဝေဟင် တစ်ခုလုံးကို စောင့်ကြည့် နိုင်စွမ်းရှိသော ခြေရာခံစနစ် လိုအပ်ကြောင်း၊ လေယာဉ်မှ မြေပြင်စခန်းသို့ ပေးပို့သော အချက်ပြလှိုင်းကို ဂြိုဟ်တုသို့ ပေးပို့ရာတွင် အသုံးပြုနိုင်ကြောင်း ITU က ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲမှုက ကမ္ဘာတစ်ဝန်းရှိ လေယာဉ်ပျံသန်း မှုများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်မည် ဖြစ်ကြောင်း ITU ၏ ရေဒီယို ဆက်သွယ်ရေးဗျူရိုဥက္ကဋ္ဌ ဖရန်ဆွာရန်စီက ပြောကြားခဲ့သည်။
စနစ်သစ်ကို ၂၀၁၇ ခုနှစ်တွင် အပြည့်အ၀ အကောင်အထည် ဖော်နိုင်မည်ဟု မျှော်လင့်ထားပြီး လေယာဉ် အများစုတွင် လိုအပ်သည့် ကိရိယာများ ပါရှိထားပြီးဖြစ်ကြောင်း ရန်စီက ပြောကြားခဲ့သည်။ ရောက်ရှိသည့် နေရာကို ၁၅ မိနစ် တစ်ကြိမ်ခြား သတင်းပေးပို့နိုင်သော စနစ်ကို အသုံးပြုပြီး လေယာဉ်ကို ခြေရာခံနိုင်ရန် အတွက် လေကြောင်းလိုင်းများက မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဟု ယင်းအကြံပြုချက်ကို ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့က ထောက်ခံထားသည်။
လက်ရှိအသုံးပြုနေသော မြေပြင်အခြေစိုက် ရေဒါများသည် လေယာဉ်ကို ခြေရာခံနိုင်သော်လည်း လေယာဉ်သည် ပင်လယ်ပြင်၏ ဝေဟင်သို့ ရောက်ရှိနေချိန် အမြင့်ပမာဏ တစ်ခု၏ အောက်သို့ ရောက်ရှိနေချိန်တွင် ခြေရာခံရရှိနိုင်မှုသည် လျော့ပါးသွားသည်။ လက်ရှိခြေရာခံစနစ်သည် ကမ္ဘာ့ဝေဟင် ဧရိယာ၏ ရာခိုင်နှုန်း ၇၀ ခန့်ကို ခြေရာခံ၍ မရသေးပေ။

Credit To .>>> Eleven Media Group

0 comments:

Post a Comment