Friday, November 27, 2015

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်း ၃၀ ကျော် တောင်းဆို



ရှမ်းပြည်နယ် အတွင်း တပ်မတော် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကို အမြန်ဆုံး ရပ်တန့်ရန် ရှမ်းလူမှုအဖွဲ့အစည်း ၃၀ ကျော်က တောင်းဆိုကြောင်း ရှမ်းလူထုအခြေပြုအဖွဲ့ အစည်းများ ကွန်ယက် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းခေးစိုင် ကပြောကြားသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ FOREIGN CORRESPONDENTS CLUB တွင် ပြုလုပ်သော ရှမ်း လူမှုအဖွဲ့အစည်း ၃၀ ကျော်၏ တိုက်ပွဲများရပ်တန့်ရေးပူးတွဲ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“တပ်မတော် က ထိုးစစ်ဆင်တာတွေကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာက ဖိအားပေးဖို့လိုပါတယ်၊ အခုက ရွေးကောက်ပွဲ တရားမျှတအောင်လုပ်ပေးတယ်ဆိုတာနဲ့ ဒီဘက်က အရပ်သား ဒုက္ခသည်တွေရဲ့ ဘ၀တွေကို မေ့ထားလို့ မရပါဘူး”ဟု ၎င်းကဆိုသည်။
အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ဖြစ်ပွားသော တပ်မတော် နှင့် SSPP/SSA တိုက်ပွဲများကြောင့် မိုင်းနောင် မြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ် တို့အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော အရပ်သားများ ထိခိုက် ဒဏ်ရာရမှု များဖြစ်ပွားခဲ့ပြီး အရပ်သား ၁၇ ဦးမှာ ပျောက်ဆုံးနေကြောင်း ရှမ်းလူထု အခြေပြု အဖွဲ့ အစည်း များ၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာ ဒေသခံများမှာ မိုင်းရှူး၊ လဲချား၊မိုင်းနောင်၊ ကျေးသီး၊ တောင်ကြီး နှင့် လာရှိုး မြို့များရှိ ယာယီ ဒုက္ခသည်စခန်းများတွင် ရွှေ့ပြောင်းနေထိုင်နေရပြီး စုစုပေါင်း ၁၀၂၆၆ ဦးရှိကြောင်း ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများ ကွန်ယက်ထံမှသိရသည်။
“မနေ့ကလည်း မိုင်းရှူးဘက်မှာ ထပ်ဖြစ်တဲ့အတွက် အခု စစ်ဘေးရှောင် ဒေသခံ ၅၄ ဦး ထပ်တိုးလာပါတယ်” ဟု ဦးစိုင်းခေးစိုင်က ဆိုသည်။
သို့သော်လည်း ရှမ်းပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများ နှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ အကြား နိုဝင်ဘာလ ၂၃ ရက် နှင့် ၂၄ ရက် နှစ်ရက်ကြာ တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် တပ်မတော် နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ရပ်တန့်ရေးကို နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်နှင့် SSPP/SSA တပ်ဖွဲ့များကမိုင်းနောင် -မိုင်းရှူးမြောက် ဘက်ခြမ်းတွင် ရွှေ့ပြောင်းနေထိုင်ရန်နှင့်မိုင်းနောင်- မိုင်းရှူးကားလမ်းတောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော်စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှသိရသည်။

Credit To >>> The Voice News 

0 comments:

Post a Comment