Friday, November 27, 2015

မြန်မာ့ မိုဘိုင်းဖုန်းဈေးကွက် ကြီးထွားမှုနူန်း ကမ္ဘာပေါ်တွင် စတုတ္ထအမြန်ဆုံးဖြစ်


မြန်မာနိုင်ငံ၏မိုဘိုင်းဖုန်းဈေးကွက်သည် ကမ္ဘာပေါ်တွင် စတုတ္ထအလျင်မြန်ဆုံး ကြီးထွားလာနေသော ဈေးကွက်ဖြစ်ပြီး ၂၀၁၅ တတိယ ၃လပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ တိုးပွားလာသော မိုဘိုင်းဖုန်းအသုံးပြု ၈၇ သန်း၏ ၆ ရာခိုင်နူန်း (၅ ဒဿမ ၂၂ သန်း) သည် မြန်မာနိုင်ငံတွင် ဖြစ်သည်ဟု Ericsson Mobility အစီရင်ခံစာက ဖော်ပြသည်။

မြန်မာသည် ၎င်းထက် လူဦးရေ အဆမတန်များပြားသောအိန္ဒိယ၊ တရုတ်နှင့် အမေရိကန်ပြီးလျှင် မိုဘိုင်းဖုန်း သုံးစွဲသူတိုးပွားမှု ကမ္ဘာတွင် စတုတ္ထအများဆုံးဖြစ်သည်။ အဆိုပါကာလအတွင်း အထက်ပါ ၃ နိုင်ငံတွင် မိုဘိုင်းဖုန်းလိုင်းသစ် တိုးပွားမှုမှာ ၁၃ သန်း၊ ၇ သန်းနှင့် ၆ သန်း အသီးသီးဖြစ်သည်။ သို့ရာတွင် မိုဘိုင်းဖုန်းလိုင်းသစ်တိုးပွားမှု ၄ သန်းဖြင့် လူဦးရေ ၁၇၄ သန်းရှိ နိုင်ဂျီးရီးယားနိုင်ငံထက်ပင် မြန်မာနိုင်ငံက ၁ ဒဿမ ၂၂ သန်းပိုများကြောင်း တွေ့ရှရသည်။
အဆိုပါအစီရင်ခံစာအရ ကမ္ဘာ့မိုဘုန်းဖုန်းအသုံးပြုမှုနူန်းသည် ကမ္ဘာ့လူဦးရေ ၇ ဒဿမ ၃ ဘီလီယံနှင့် ထပ်တူနီးပါရှိကြောင်း၊ ၁ စက္ကန့်တိုင်း အင်တာနက်ချိတ်ဆက်မှုရှိ မိုဘိုင်းလိုင်း ၂၀ အသစ်ဖွင့်လျက်ရှိကြောင်း သိရသည်။
မိုဘိုင်းအင်တာနက်ချိတ်ဆက်မှုတွင် တကမ္ဘာလုံးအတိုင်းအတာအရ ၂၀၁၅ တတိယ ၃လပတ်သည် ၂၀၁၄ အဆိုပါကာလထက် ၆၅ ရာခိုင်နူန်း ပိုများလာပြီး ဗီဒီယိုကြည့်ရှုမှုတွင် အသုံးအများဆုံးဖြစ်သည်ဟု ဆိုသည်။
“၂၀၂၁ ခုနှစ်ရောက်ရင် မိုဘိုင်းဒေတာသုံးစွဲမှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို ဗီဒီယိုကြည့်တဲ့နေရာမှာ သုံးစွဲကြလိမ့်မယ်”ဟု ဆွီဒင်မိုဘိုင်းဖုန်းကုမ္ဗဏီ Ericsson Group မှ ဒု ဥက္ကဌ Rima Qureshi က ပြောသည်။ အာရှပစိဖိတ်ဒေသတခုတည်းတွင်ပင် မိုဘိုင်းဖုန်း သုံးစွဲမှုပမာဏ ၃ ဒဿမ ၆၉ ဘီလီယံ၊ ကမ္ဘာ့သုံးစွဲမှု၏ထက်ဝက်ကျော်ရှိပြီး ယင်းနောက်တွင်မှ အာဖရိကနှင့် လက်တင်အမေရိကဇုန်များက အသီးသီး နေရာယူထားကြသည်။
“နောက် ငါးနှစ်လောက် အာရှပစိတ်ဖိတ်ဒေသက နိုင်ငံတွေရဲ့ မိုဘိုင်းဖုန်းသုံးစွဲမှုက အားကောင်းနေဦးမယ်။ အရှေကအလယ်ပိုင်းနဲ့ အာဖရိကဒေသတွေမှာလည်း GDP တိုးတက်လာတာရယ်၊ လူငယ်ဦးရေ တိုးပွားလာတာတွေကြောင့် တော်တော် အားကောင်းလာမယ့်သဘော ရှိတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ မိုဘိုင်းဖုန်းဈေးကွက်သည် ယခင်က မပြောပလောက်သော သုံးစွဲမှုပမာဏမှ အလျင်အမြန်တိုးပွားလာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လူဦးရေ၏ ၉ ရာခိုင်နူန်းခန့်သာ မိုဘိုင်ဖုန်းအသုံးပြုခဲ့ရာမှ ၂၀၁၅ နှစ်လယ်လောက်တွင် ၅၄ ဒဿမ ၆ ရာခိုင်နူန်းအထိ ရှိလာသည်။ ၂၀၁၈ တွင် ၇၀ ရာခိုင်နူန်းခန့်ရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် Broadband အင်တာနက် အသုံးပြုရန်အလွယ်ကူမှုကြောင့် အများစုမှာ စမတ်ဖုန်းဖြင့် အင်တာနက်အသုံးပြုမှု အတွေ့အကြုံသစ်ကို ခံစားကြသည်။


Credit To >>> ပြည်မြန်မာ News 

0 comments:

Post a Comment