Thursday, October 8, 2015

ရွေးကောက်ပွဲ အနိုင်ရပြီး NLD အစိုးရ ဖွဲ့နိုင်ပါက အစိုးရအဖွဲ့ကို ဦးဆောင်မည်ဖြစ်ပြီး သမ္မတလောင်းအတွက် အရပ်သားပါတီဝင်ကို တင်သွင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်ပါက အစိုးရအဖွဲ့ကို ကိုယ်တိုင် ဦးဆောင်သွားမည် ဖြစ်ကြောင်း India Today ရုပ်သံဌာနနှင့် တွေ့ဆုံစဉ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၇ ရက်က အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။

“ရွေးကောက်ပွဲကို NLD နိုင်မည်ဆိုရင် ကျွန်မတို့ အစိုးရဖွဲ့ပါမယ်။ ကျွန်မကိုယ်တိုင် သမ္မတဖြစ်ဖြစ် မဖြစ်ဖြစ်၊ အစိုးရကို ဦးဆောင်မှာပါ။NLD အစိုးရရဲ့ ခေါင်းဆောင်က ကျွန်မပဲ ဖြစ်ရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ပါတီ ခေါင်းဆောင် ဖြစ်နေလို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် NLD ပါတီအနေဖြင့် အရပ်သား ပါတီဝင်တစ်ဦးကို သမ္မတလောင်းအဖြစ် အဆိုပြု တင်သွင်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။မဲဆန္ဒရှင်များ အနေဖြင့်လည်း မဲပေးရမည့်နေ့တွင် သတိရှိကြရန် တိုက်တွန်းကြောင်း၊ မဲစာရင်း မှန်ကန်တိကျမှုအပေါ် သံသယရှိကြောင်းနှင့် ရွေးကောက်ပွဲ ကာလအတွင်း မတည်ငြိမ်မှုများကြောင့် မဲရုံ ပိတ်သိမ်းရမှုများ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဒီရွေးကောက်ပွဲဟာ သမိုင်းမှာ အရေးကြီးဆုံး ရွေးကောက်ပွဲပါ။ ပြည်သူတွေအနေနဲ့ တက်ကြွရမယ်၊ သတိရှိရမယ်၊ ဂရုစိုက်ရမယ်ပြီးတော့ သတ္တိရှိဖို့လည်း လိုပါတယ်” ဟု India Today ရုပ်သံဌာနသို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ ကွဲပြားမှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေး သည်းခံနိုင်မှု လျော့နည်းခြင်းနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ အခြေအနေများ ရှိနေကြောင်း ၀န်ခံခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် ဘင်္ဂါလီများအပေါ် ခွဲခြားဆက်ဆံမှု စွပ်စွဲချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ဆိတ်နေခြင်း မဟုတ်ကြောင်းနှင့် ပြစ်တင် ရှုတ်ချနေခြင်းသည် ပြန်လည် ရင်ကြားစေ့ရေးအတွက် နည်းလမ်းမှန် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
“ကျွန်မကို ပြောစေချင်ကြတာက ပုတ်ခတ်ရှုတ်ချတဲ့ စကားလုံးတွေပါ။ ကျွန်မကတော့ ဒီလို ရှုတ်ချမှုမျိုး လုပ်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အရေးကြီးတာက NLD အစိုးရ ဖြစ်ဖို့ပဲ။ NLD အစိုးရဆိုလို့ရှိရင် ကျွန်မ ကောင်းကောင်း ထိန်းထားပါ့မယ်။ သမ္မတ ဖြစ်တာ မဖြစ်တာနဲ့ ဘာမှ မဆိုင်ဘူး။ NLD အစိုးရကို ကျွန်မ ကောင်းကောင်း ထိန်းထားမယ်လို့ ပြောပါ့မယ်။ ကျွန်မက NLD အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်လေ။ NLD အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဆိုတော့ NLD အစိုးရကို ကျွန်မပဲ ထိန်းထားမှာပေါ့။ သမ္မတဆိုတဲ့ ဂုဏ် ကိုလည်း မမက်မောဘူး။ သမ္မတဆိုတဲ့ နာမည်ဆိုတာဟာလည်း ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ထောက်ခံမှုနဲ့ စာရင် ဘာမှ မဟုတ်ပါဘူးလို့ ပြောပါရစေ” ဟု စက်တင်ဘာ ၂၂ ရက်က ပြောကြားထားသည်။
ရန်ကုန်တိုင်း ဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် ဒေသခံ အမျိုးသားတစ်ဦးက “ကျွန်တော်တို့ဟာ အမေစုကို ယုံကြည်ပါတယ်။ လေးစားပါတယ်။ အားကိုးပါတယ်။ NLD အနိုင်ရအောင်လည်း ကျွန်တော်တို့ မဲထည့်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ၅၉(စ)အရ အမေစုက သမ္မတမဖြစ်ခဲ့ဘူးဆိုရင် ဘာဖြစ် မှာလဲလို့ သိချင်ပါတယ်” ဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန် ထမ်းဆောင်နိုင်ရေး တားဆီးပိတ်ပင်ထားသည့် အချက်များ ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပါ အချက်များ အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲနိုင်ရေးအတွက် NLD လွှတ်တော် ကိုယ်စားလှယ်များက ကြိုးစားဆောင်ရွက်ခဲ့ ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ နိုင်ငံတစ်ဝန်းလုံးတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စစ်မှန်သည့် ဒီမို ကရေစီ စနစ်တစ်ခုသို့ ပြောင်းလဲနိုင်ရေး ရည်ရွယ်ကာ အစိုးရဖွဲ့နိုင်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment