Thursday, October 8, 2015

ရွှေ့ပြောင်းအခြေချ လူမှောင်ခို ကူးသူများအား ဖမ်းဆီးမည့် ဥရောပသမဂ္ဂ၏ စစ်ရေးအစီအစဉ် စတင်


ရွှေ့ပြောင်းအခြေချ လူမှောင်ခို ကူးသူများအား ဖမ်းဆီးမည့် ဥရောပသမဂ္ဂ၏ စစ်ရေးအစီအစဉ်ကို အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့ပြီး ဥရောပ စစ်သင်္ဘောများသည် ပင်လယ်မာဖီးယားများဟု အမည်ပြောင် ရထားသည့် လူမှောင်ခို ကူးသူများအား ဖမ်းဆီးနိုင်ရန် မြေထဲပင်လယ်ရှိ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် စတင် ကင်းလှည့်နေကြောင်း သိရသည်။
ရွှေ့ပြောင်းအခြေချ ပဋိပက္ခများကို ဖြစ်ပွားစေသည့် လူမှောင်ခိုကူး ကွန်ရက်ကို တိုက်ဖျက်ရန် EUNAVFORMEDဟု အမည်ပေးထားသည့် ယင်းစစ်ဆင်ရေးကို ပြီးခဲ့သောလတွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ အကြီးအကဲ ဖီဒရီကာမိုဟီရီနီက ကြေညာခဲ့ပြီး ယင်းစစ်ဆင်ရေးသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယင်းစစ်ဆင်ရေး ပထမအဆင့်တွင် လူမှောင်ခိုကူး ကွန်ရက်များ၏ သတင်း အချက်အလက်များကို စုဆောင်းခြင်းနှင့် လေ့လာသုံးသပ်ခြင်းတို့ အဓိက လုပ်ဆောင်ပြီး ပြီးခဲ့သော ဇွန်ကတည်းက စတင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
ယခုဒုတိယအဆင့်အရ ရွှေ့ပြောင်း အခြေချများ လိုက်ပါလာသည့် သင်္ဘော အများအပြား ထွက်ခွာရာ ဖြစ်သည့် လစ်ဗျား ကမ်းရိုးတန်းအလွန်ရှိ အပြည်ပြည်ဆိုင်ရာ ရေပြင်တွင် သင်္ဘောခြောက်စင်းက ကင်းလှည့်နေပြီ ဖြစ်သည်။ ယင်းသင်္ဘောခြောက်စင်းမှာ အီတလီ လေယာဉ်တင် သင်္ဘောတစ်စင်း၊ ပြင်သစ် ဖရိုင်းဂိတ်တစ်စင်း၊ ဗြိတိန်နှင့် စပိန်မှ တစ်စင်းစီနှင့် ဂျာမနီ သင်္ဘောနှစ်စင်းတို့ ဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်နှင့် ဆလိုဗေးနီးယား ရေတပ်တို့မှ စေလွှတ်မည့် အခြားရေယာဉ် သုံးစင်းထက်မနည်းသည် အောက်တိုဘာ လကုန်ပိုင်းတွင် ယင်းတပ်စုနှင့် လာရောက် ပူးပေါင်းမည်ဖြစ်ပြီး လေ ယာဉ်လေးစင်းနှင့် လူအင်အား ၁၃၁၈ ဦးလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးတွင် ပါဝင်သော ဂျာမန် သင်္ဘောတစ်စင်းဖြစ်သည့် Werra ၌ လိုက်ပါလာသည့် လူအင်အား ၁၀၀ သည် လူမှောင်ခို ကူးသူများက တိုက်ခိုက်လာပါက တုံ့ပြန် တိုက်ခိုက်သည့် အသွင်ယူ လေ့ကျင့်မှု အပါအ၀င် လေ့ကျင့်မှု အများအပြားကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် စစ်ရေးဖြင့် လုပ်ဆောင်မည့် ယင်းအစီအစဉ်အတွက် ဥရောပသမဂ္ဂက ပြီးခဲ့သော စက်တင်ဘာတွင် သဘောတူ ခဲ့သော်လည်း ယင်းစစ်သင်္ဘောများသည် လစ်ဗျား ရေပိုင်နက်ထဲထိ လိုက်၍ လူမှောင်ခို ကူးသူများအား ဖမ်းဆီးခွင့် မရှိသေးပေ။
ပြီးခဲ့သော သီတင်းပတ်များအတွင်း အဆိုပါ စစ်ဆင်ရေးက လူမှောင်ခို ကူးသူများ အသုံးပြုလေ့ရှိသော ကင်းစောင့်သင်္ဘောဟု ဆိုသည့် သင်္ဘောအစင်း ၂၀ ကို ထောက်လှမ်း သိရှိခဲ့ကြောင်း သိရသည်။ စစ်ဆင်ရေး၏ ဒုတိယအဆင့်အရ အဆိုပါ ကင်းစောင့်သင်္ဘောများကို တုံ့ပြန် အရေးယူနိုင်ကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးတွင် လစ်ဗျားကမ်းရိုးတန်း အလွန်ရှိ နေရာ ၁၀ နေရာတွင် ကင်းလှည့်မှုများ လုပ်ဆောင်မည် ဖြစ်သည်။ ယင်း ၁၀ နေရာတွင် လစ်ဗျား ရေပိုင်နက်နှင့် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် ခွဲခြားထားသည့် ရေမိုင် ၁၂ မိုင်တစ်လျှောက် လေးနေရာနှင့် ကျန် နေရာများသည် ပင်လယ်နှင့် ပိုမိုဝေးကွာ ကြောင်း သိရသည်။
သို့သော် ယခုအစီအစဉ်သည် လစ်ဗျား ရေပိုင်နက်ထဲသို့ ၀င်ရောက်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် လစ်ဗျားအာဏာပိုင်များ၏ ထောက်ခံမှု လိုအပ်နေဆဲဖြစ်သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment