Tuesday, October 20, 2015

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ကြသူများအား တရားစွဲမည် ဟုဒေါ်အောင်ဆန်းစုကြည် ခြိမ်းခြောက်


အစိုးရဖြစ်ပါကဘာသာခြားများ ကြီးစိုးနိုင်သည်ဟုပြောဆိုသူများကိုတရားစွဲမည်ဟုဒေါ်စုကပြောကြားခြင်းသည် မဘသကိုရည်ရွယ်ပြောကြားခြင်းဖြစ် ကြောင်း၊ အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ကြသူများ အားတရားစွဲမည် ဟု ခြိမ်းခြောက်သည့်အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသတင်းရရှိသည်။
အောက်တိုဘာ ၁၈ ရက်ကရေကြည်မြို့တွင် ပြုလုပ်သောမဲဆွယ်စည်းရုံးပွဲတွင် မဲဆန္ဒရှင်တစ်ဦးက NLD အစိုးရဖြစ်ပါကဘာသာခြားများအုပ်စိုးမည်ကိုဒေသခံများကစိုးရိမ်နေသည့်အတွက် ဖြေရှင်းပေးရန် တောင်းဆိုခဲ့ရာဒေါ်စုက “ဒါတွေ ကိုဘယ်သူတွေကဝါဒဖြန့်နေတာလဲ။ အဲဒီဝါဒဖြန့်နေတဲ့သူတွေကဥပဒေကို ချိုးဖောက်နေတယ်။ သက်သေအထောက် အထားယူထားလိုက်ပါ။ တရားစွဲမယ်” ဟုပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသူဒေါက်တာသန်းထွန်းအောင်ကဒေါ်စုကမဘသကိုရည်ရွယ်၍ ပြောကြားခြင်းဖြစ်သည်ဟုသုံးသပ်ပြောကြားသည်။
“NLD အစိုးရဖြစ်ရင် ဘာသာခြားတွေ ကြီးစိုးနိုင်တယ်လို့ပြောတဲ့သူတွေကိုတရားစွဲမယ်လို့ဒေါ်စုကပြောတာဟာ မဘသအဖွဲ့ကိုရည်ရွယ်ပြီးပြောတာလို့ သုံးသပ်ရပါတယ်။ မဘသအဖွဲ့က အမျိုးဘာသာသာသနာကို အလေးမထားတဲ့ ပါတီကို မဲမပေးနဲ့၊ ကိုယ့်မြို့နယ် ကိုယ့်ဒေသအတွက် အကောင်းဆုံးလုပ်ပေးနိုင်မယ့် ကိုယ်စားလှယ်ကိုပဲ ပါတီစွဲမထားပဲရွေးကြလို့ တိုက်တွန်းနေတာရှိတယ်။ မဘသကတော့ ဘယ်ပါတီကိုမဲမပေးပါနဲ့လို့ ပြောတာမျိုးမရှိဘူး။ ဒါပေမယ့် ပါတီပေါင်း ၉၀ ကျော်မှာ NLD တစ်ပါတီကပဲ အမျိုးဘာသာသာသနာကိုအလေးမထားတဲ့ပါတီကို မဲမပေးနဲ့ ဆိုတာ ငါတို့ NLD ကိုမဲမပေးနဲ့လို့ မဘသကလှုံ့ဆော်နေတာလို့ ယူဆနေတယ်။ ပြည်သူအများစုကလည်း NLD က အမျိုးဘာသာသာသနာကို အလေးမထားဘူး။ ဒါကြောင့် NLD သာအာဏာရရင် အမျိုးဘာသာသာသနာကိုစောင့် ရှောက်မှာမဟုတ်ဖူး။ ဘာသာခြားတွေ နေရာရလိမ့်မယ်။ ကြီးစိုးလာလိမ့်လို့မြင်နေကြတယ်။ တကယ်တမ်းမှာမဘသ က NLD ကို မဲမပေးဖို့လည်း မပြောဘူး။ NLD အစိုးရဖြစ်လာရင် ဘာသာခြားတွေ ကြီးစိုးနိုင်တယ်လို့လည်း မပြောဘူး။ မဲဆန္ဒရှင်တွေကိုယ်တိုင်က NLD အစိုးရဖြစ်လာရင် ဘာသာခြားတွေ ကြီးစိုးလာလိမ့်မယ်လို့ မြင်နေကြတာ။ ဒီတော့ တရားစွဲမယ်ဆိုရင်လည်း NLD အရှက်ကွဲရုံပဲရှိမှာပဲလို့ ပြောချင်တယ်” ဟုသုံးသပ်ခဲ့သည်။
ဆရာတော် ဦးပညာသီဟကလည်း မဘသဆရာတော်များအနေဖြင့် NLD အစိုးရဖြစ်လျှင် ဘာသာခြားများ ကြီးစိုးနိုင်သည်ဟုဟောကြားခြင်းမျိုးမရှိကြောင်းမိန့်ကြားခဲ့သည်။
“ဘုန်းကြီးတို့ကပါတီစွဲမရှိပါဘူး။ ဘယ်ပါတီမဲပေး၊ ဘယ်ပါတီမဲမပေးနဲ့လို့ ပြောခွင့်မရှိသလိုပြောလည်းမပြောကြပါဘူး။ အမျိုးဘာသာသာသနာကိုအလေးမထားတဲ့ပါတီကိုမဲမပေးနဲ့။ အမျိုးဘာသာသာသနာကိုအလေးထားသလားမထားဘူးလားဆိုတာအဲဒီပါတီရဲ့ မျိုးစောင့် ဥပဒေတွေအပေါ် သဘောထားကိုကြည့်၊ ပါတီခေါင်းဆောင်တွေရဲ့ အမျိုးဘာသာသာသနာကိုစောင့်ထိန်းနိုင်မှုကိုကြည့်၊ ပါတီတွင်းမှာဘာသာခြားတွေကိုအရေးပါတဲ့နေရာတွေပေးထားသလားကြည့်။ အမျိုးဘာသာသာသနာကို မှ အလေးမထားတဲ့ပါတီကိုတော့ မရွေးကြပါနဲ့။ ကိုယ့်နယ်။ ကိုယ့်ဒေသအတွက် လုပ်နိုင်မယ့် အရည်အချင်းရှိတဲ့သူတွေကိုပဲပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားပဲရွေးကြဖို့ တိုက်တွန်းတာပဲရှိပါတယ်”ဟုမိန့်ကြားခဲ့သည်။
“အခုဟာကသံဃာတော်တွေကိုတောင် ခြိမ်းခြောက်တဲ့အဆင့်အထိရောက်ရှိလာတာကတော့ တော်တော်ကြီးကိုစိတ်မကောင်း ဖြစ်စရာ ဖြစ်လာပါယ်။ ဘုန်းကြီး တို့က အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ဖို့ သတိပေးတယ်။ ဒါကိုတရားစွဲမယ် ဆိုရင်လည်းစွဲပေါ့။ ဒီမှာဘုန်းကြီးပြောလိုက်မယ်။ ဘာသာဆိုတာကိုးကွယ်ရတယ်။ မှန်တယ်။ ဒါပေမယ့် ကာကွယ်နိုင်မှ ကိုးကွယ်လို့ ရမှာ။ အရင်တုန်းကဗုဒ္ဒဘာသာ နိုင်ငံတွေ ပြန်ကြည့်လိုက်။ အီရန်၊ အာဖဂန်နစ္စတန် နိုင်ငံတွေ အထိပါတယ်။ ဒီဘက်မှာအင်ဒိုနီးရှား၊ မလေးရှားအားလုံးပါတယ်။ ဒီကနေ့ ၅ နိုင်ငံပဲကျန်တော့တယ်။ ၅ နိုင်ငံနော်။ ဒါတွေကဘာဖြစ်လို့လဲ။ ကိုယ့်ဘာသာသာသနာကိုမကာကွယ်နိုင်ခဲ့ကြလို့ ဒီကနေ့ အဲဒီနိုင်ငံတွေမှာကိုးကွယ်စရာဗုဒ္ဒဘာသာမရှိတော့ဘူး။ ရှင်းတယ်နော်။ ကာကွယ်နိုင်မှ ကိုးကွယ်လို့ ရမှာ။ ဒါကိုအသိထဲမှာထည့်ထားသတိရှိကြဖို့ လိုတယ်။ အမျိုးဘာသာသာသနာတော်ကိုကာကွယ်စောင့်ရှောက်နေကြတဲ့သူတွေကိုတောင် တရားစွဲမယ်လို့ ပြောတယ်ပေါ့။ ဒါတောင် အာဏာမရသေးဘူးနော်။ အာဏာများရသွားလို့ကတော့ ဒို့ ဘာသာဒို့ သာသနာဘယ်ဘဝရောက်မလဲစဉ်းစားသာကြည့်ပေတော့။ ဘယ်အရာမှ မမြဲပါဘူး။ ဒါပေမယ့် ဒို့ဘာသာဒို့သာသနာကိုတော့ မြဲအောင် ကာကွယ်ကြဖို့ လိုတယ်။ သံဃာတွေနဲ့ သာသနာကိုစော်ကားတဲ့သူတွေကတော့ ချက်ချင်းတူသောအကျိုးပေးကြပါလိမ့်မယ်။ အရင်တုန်းကဒို့ဘာသာကိုဖျက်ဆီးဖျောက်ဖျက်ခဲ့တဲ့ နိုင်ငံတွေ ပြန်ကြည့်လိုက်။ ဒီကနေ့ အထိ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဒုက္ခ ပင်လယ်ဝေနေကြတာ တွေ့လိမ့်မယ်” ဟုဆက်လက်မိန့်ကြားသည်။

Credit To >>>  ပြည်သူ့အာဏာ

0 comments:

Post a Comment