Tuesday, September 8, 2015

ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးသော NLD ကိုယ်စားလှယ်လောင်းများ မီဒီယာများကို လွတ်လပ်စွာ ဖြေကြားခွင့်ရှိဟုဆို

အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပြီးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများသည် သတင်းမီဒီယာများကို လွတ်လပ်စွာ ဖြေကြားခွင့်ရှိကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD ပါတီ ကိုယ်စားလှယ်လောင်းများစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်နေစဉ်အတွင်း မီဒီယာများကို ဖြေကြားခွင့် ပိတ်ပင်ထားသော်လည်း အတည်ပြုခြင်းခံရသော ကိုယ်စားလှယ်လောင်းများ အနေနှင့် ပါတီမူဝါဒနှင့်အညီ လွတ်လပ်စွာ ဖြေကြားခွင့်ရှိကြောင်း ၎င်းက ဆိုသည်။
“ကိုယ်စားလှယ်လောင်းတွေက အစစ်မဖြစ်သေးဘူး။ သူတို့မှာ စိစစ်ရမယ့်ကဏ္ဍ ရှိသေးတယ်။ အဲဒီကဏ္ဍမတိုင်ခင် ပြောမှားဆိုမှားရှိရင် ကိုယ်စားလှယ်လောင်း အရေအတွက် လျော့သွားမှာ စိုးရိမ်လို့ပါ၊ အဲဒါကြောင့် တားမြစ်တာပါ၊ အခုလည်း ခရိုင်အလိုက် ကိုယ်စားလှယ်လောင်း စာရင်းတွေတောင် ထွက်နေပါပြီ၊ နောက်ထပ်ပြင်ဆင်ချက်နဲ့ ပြန်ထုတ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ပထမပတ်အတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း အဆိုပါ ကိုယ်စားလှယ်လောင်းများစာရင်းတွင် မြို့နယ်အောင်နိုင်ရေးအဖွဲ့များမှ တင်သွင်းသော ကိုယ်စားလှယ်လောင်းအချို့ ပယ်ချခံရမှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်ခြေပါတီဝင်အချို့ ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများ ဖြစ်ပွားခဲ့သည်။
ယင်းနောက် ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းများက သတင်းမီဒီယာများကို ဖြေဆိုခြင်း မပြုရန် ပါတီတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် NLD ပါတီက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၅၁ ဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်း တင်သွင်းထားကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီမှု ရှိမရှိ စိစစ်ပြီးသော ကိုယ်စားလှယ်လောင်းများ စာရင်းကို စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် ထုတ်ပြန်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

Credit To >>> The Voice Daily

0 comments:

Post a Comment