Wednesday, September 2, 2015

NLD လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်သဖြင့် နယ်/လုံဝန်ကြီး အစားထိုးခန့်အပ်မှု လွှတ်တော်တွင်း ဆိုင်းငံ့ထား

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် သြဂုတ်လ ၃၁ ရက်နေ့ ပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး အစားထိုး ခန့်အပ်ရာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ကန့်ကွက် ဆွေးနွေးခဲ့သဖြင့် နယ်/လုံ ဝန်ကြီး အစားထိုး ခန့်ထားခြင်းကို လွှတ်တော်တွင်း၌ ဆိုင်းငံ့ထားကြောင်း တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး မှတ်တမ်းအရ သိရသည်။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဝင်း၏ ရာထူးနေရာတွင် ဒုတိယဗိုလ်မှူးကြီး ကျော်စွာလှိုင်အား အစားထိုး ခန့်အပ်ရာ၌ လွှတ်တော် ကိုယ်စားလှယ်များကို တစ်နာရီသာ အချိန်ပေးပြီး ဆုံးဖြတ်စေခိုင်းခြင်းမှာ လွှတ်တော်၏ ဂုဏ်သိက္ခာ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ၊ ခန့်အပ်ခံရသည့် ဝန်ကြီးအသစ်၏ ဂုဏ် သိက္ခာကို မငဲ့ကွက်ရာကျသောကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။
“ဒီအကြောင်းအရာကို သိရတာ အချိန်တစ်နာရီပဲ ရှိတယ်။ အချိန် မလုံလောက်ဘူး။ ကြိုတင် အကြောင်းကြားထားတာမျိုး မရှိဘူး။ လွှတ်တော်ကိုယ်စား လှယ်တွေကို တစ်ပတ်လောက် ကြိုတင်ပြီး ခန့်အပ်မယ့်သူရဲ့ ကိုယ်ရေးအချက်အလက်တွေ ကြိုတင် ပေးထားသင့်တယ်။ ဒါကို လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဆက်ဆုံးဖြတ်သွားရင်လည်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့တော့ ကြားနေမယ်” ဟု တိုင်းဒေသကြီး လွှတ်တော်အတွင်း ဆွေးနွေးရာတွင် ဒေါက်တာ လှမြတ်သွေးက ပြောဆို ကန့်ကွက်ခဲ့သည်။
သမ္မတကဖြစ်စေ၊ ကာကွယ်ရေး ဦးစီးချုပ်က ဖြစ်စေ တိုက်ရိုက်ခန့်အပ်ပါက ၎င်းအနေနှင့် လက်ခံကြောင်း၊ သို့သော် လွှတ်တော်က ဆုံးဖြတ်ရမည် ဆိုပါက လွှတ်တော်တွင် ဂုဏ်သိက္ခာရှိကြောင်း၊ အချိန်မပေးဘဲ ဆုံးဖြတ်ရခြင်းမှာ လွှတ်တော်၏ ဂုဏ်အင်္ဂါနှင့် မညီညွတ်ကြောင်း၊ လွှတ်တော်၏ ဂုဏ်အင်္ဂါ၊ လွှတ်တော်ကိုယ်စားလှယ်၏ ဂုဏ်သိက္ခာ၊ လုပ်ရမည့်အလုပ်များကို နားလည်မှု လွဲနေသေးသည်ဟု ထင်မြင်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကျင်းမည့်ရက်မှာ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၇ ရက်နေ့အထိ ဖြစ်သောကြောင့် နယ်/လုံဝန်ကြီး အစားထိုးခန့်ထားခြင်း ခေတ္တဆိုင်းငံ့ထားပြီး ယခု တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပသည့် ရက်များအတွင်း ဆက်လက် ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက ပြောကြားသည်။

Credit To  >>> The Voice News

0 comments:

Post a Comment