Thursday, August 27, 2015

NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းနှစ်ဦး အမည်စာရင်းတင်သွင်းမှု ပယ်ချခံရ

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်းနှစ်ဦး၏ အမည်စာရင်းတင်သွင်းမှု ပယ်ချခံရကြောင်း အဆိုပါ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများထံမှ သိရသည်။
ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) တွင် ယှဉ်ပြိုင်မည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဝေဖြိုးအောင်သည် အသက်မပြည့်သောကြောင့် အမည်စာရင်း တင်သွင်းမှု ပယ်ချခံရခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရှိရသည်။

ထို့အပြင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးယဉ်မျိုးသည် မွေးဖွားချိန်တွင် မိဘနှစ်ပါး နိုင်ငံသား မဟုတ်သောကြောင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ချလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းသည် အသက် ၃၀ ရှိရန် လိုအပ်သော်လည်း ဦးဝေဖြိုးအောင်သည် အသက် ၂၅ နှစ်သာ ရှိသောကြောင့် ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ပယ်ချခြင်းဖြစ်ကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဦးဝေဖြိုးအောင်က အသက်မပြည့်သေးလို့ ပယ်ချတယ်လို့ ကြားပါတယ်။ အသေးစိတ်တော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ကိုယ်စားလှယ်လောင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး သတင်းမီဒီယာများတွင် ဖြေဆိုခြင်း မပြုရန် တားမြစ်ထားသောကြောင့်ဟု ဆိုကာ ပြန်လည်ဖြေဆိုခြင်း မရှိပေ။

အလားတူ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ချမ်းအေးသာစံ မဲဆန္ဒနယ် အမှတ် (၁) တွင် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်သည်လည်း မွေးဖွားချိန်တွင် မိဘနှစ်ပါး နိုင်ငံသား မဟုတ်သောကြောင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချခံခဲ့ရသည်။

ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် အသက် ၂၅ နှစ် ပြည့်သူဖြစ်ရန် လိုအပ်သော်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းကမူ အသက် ၃၀ နှစ် ပြည့်သူဖြစ်ရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ဥပဒေများတွင် ပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၅) ပုဒ်မ ၁၀ ပုဒ်မခွဲ (င) တွင် ကိုယ်စားလှယ်လောင်းသည် ၎င်းမွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားဖြစ်ပါက ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

သို့သော်လည်း လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေ အခန်း (၇) ပုဒ်မ ၂၆ တွင် ခရိုင်ကော်မရှင်အဖွဲ့ခွဲက ချမှတ်သော အမိန့်ကို မကျေနပ်သူသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲထံသို့ သတ်မှတ်ထားသည့်အတိုင်း အယူခံခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

Credit To >>> The Voice News

0 comments:

Post a Comment