Monday, August 31, 2015

ဗိုက်ဘာဖြင့် ချစ်ကြိုက်ခဲ့သူနောက် လိုက်လာသူ အမျိုးသမီးကို ရေထဲတွန်းချ ကျောက်ခဲဖြင့်ထု

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်ကျေးရွာတွင် သြဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ဗိုက်ဘာဖြင့် ချစ်ကြိုက်ရာမှ ချစ်သူနောက် လိုက်လာသည့် အသက် ၃၆ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ၎င်း၏ ချစ်သူက ရေကန်ထဲ တွန်းချပြီး ကျောက်ခဲဖြင့်ထုကာ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးခဲ့ကြောင်း ထုံးအိုင်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

“အမျိုးသမီးက ရန်ကုန်က။ ဖုန်းထဲမှာ ချစ်ကြိုက်ပြီး ဘားအံထိ လိုက်လာတာ။ ဒီရောက်တော့ ကောင်လေးကို အတင်းယူခိုင်းတယ်။ ကောင်လေးက မလိုချင်လို့ ရေထဲတွန်းချပြီး ကျောက်ခဲနဲ့ထု ထွက်ပြေးတာ။ မနေ့က ကောင်လေးနဲ့ အတူ သက်သေခံပစ္စည်းတွေကိုပါ သိမ်းဆည်းရမိထားလို့ အမှုဖွင့်စစ်ဆေးနေတယ်” ဟု ယင်းအမှုကို စစ်ဆေးနေသည့် ထုံးအိုင်နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇောက ပြောကြားသည်။
အဆိုပါ ချစ်သူနောက် လိုက်လာသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးမှာ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းနှင့် ဘားအံမြို့နယ်၊ ဝါးဆူးကျေးရွာတွင် နေထိုင်သူ အသက် ၂၁ နှစ် အရွယ်ရှိ ကိုစောထူး (ခ) ဖိုးကေတို့မှာ ဗိုက်ဘာဖြင့် နှစ်ဦးခင်မင်ခဲ့ရာမှ ချစ်ကြိုက်ခဲ့ပြီးနောက် အမျိုးသမီးက သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မှ ဘားအံရှိ ၎င်း၏ ချစ်သူထံ လိုက်လာခဲ့ခြင်း ဖြစ်ကြောင်း ဘားအံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ကောင်လေးရဲ့ ဖုန်းနံပါတ်ကို အမျိုးသမီးက သူ့သူငယ်ချင်းဆီက တစ်ဆင့် ရခဲ့တာလို့ စစ်ဆေးသိရှိရတယ်။ ဖုန်း ဗိုက်ဘာထဲမှာ ခင်မင်ပြီး လေးငါးလကြာတော့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတယ်။ ကောင်လေးဆီမှာ လာနေမယ်ဆိုပြီး လက်ဝတ်လက်စားအပြည့်နဲ့ ဒီကို လိုက်လာတာ။ ဒီရောက်တော့ ကောင်လေးက သူ့ထက်အသက်ကြီးပြီး ဗိုက်ဘာထဲက ပုံနဲ့ မတူတာကြောင့် မယူချင်ဘူး ငြင်းပြီး ရေကန်ထဲ တွန်းချထွက်ပြေးတာ။ အမျိုးသမီးရဲ့ ပစ္စည်းတွေက ကောင်လေးရဲ့ ကားပေါ်မှာ ရှိနေတာကြောင့် ကားမောင်းပြေးတော့ ပါသွားတာ။ လုယူပြေးတာ မဟုတ်ပါဘူး” ဟု ယင်းအမှုကို စစ်ဆေးနေသည့်အဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ အမျိုးသမီးကို ရေကန်ထဲ တွန်းချပြီး ကျောက်ခဲဖြင့်ထုကာ ထွက်ပြေးသွားသည့် အမျိုးသား၏ ယာဉ်ပေါ်၌ ပါသွားသော အမျိုးသမီး၏ ခရီးဆောင် အိတ်အတွင်းမှ ရွှေဟန်းချိန်း၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေကြုတ်နှင့် အဝတ်အစားများကို ပြန်လည်သိမ်းဆည်းရမိပြီး ကိုစောထူး (ခ) ဖိုးကေကို ထုံးအိုင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း ဘားအံမြို့မ ရဲစခန်းထံမှ သိရှိရသည်။
Credit to : The Voice Weekly

0 comments:

Post a Comment