တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း
စပ်နေသော တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့် အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံက
ပါဝင် လက်မှတ်ထိုးရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့များ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (SD) တို့ နှစ်ဖက်
သဘောတူညီကြောင်း SD အဖွဲ့ ဒုတိယခေါင်းဆောင်(၂) ပူးဇင်ကျုံးက ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရာတွင်
တိုင်းရင်းသား လက်နက်ကိုင်များ အခြေစိုက်ရာ ဒေသများနှင့် နီးစပ်လျက်ရှိသော
အိမ်နီးချင်း နိုင်ငံ သုံးနိုင်ငံကို အသိသက်သေအဖြစ် ပါဝင်
လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား
သဘောတူခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေလီလမ်းရှိ
မြန်မာငြိမ်းချမ်းရေး စင်တာတွင် သြဂုတ်လ ၆ ရက် နေ့လယ် ၁ နာရီခန့်မှ ၅
နာရီကျော်အထိ ဆွေးနွေးခဲ့သည့် နဝမ အကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး သဘောတူစာချုပ် ဆွေးနွေးပွဲတွင် သဘောတူညီလိုက်ခြင်း ဖြစ်သည်။
“အာဆီယံက ပါမလာတော့ဘူး။ သူရဲ့ပေါ်လစီအရ၊ မူဝါဒအရ မပါဝင်တာလည်း ဖြစ်တယ်။
နောက် ကျွန်တော်တို့ ကမ္ဘာ့ကုလသမဂ္ဂ (UN) ကတော့ ဆက်ပြီး ပါသွားမယ်။
နောက်ပြီးတော့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်း ဒီသုံးနိုင်ငံကတော့ အသိ သက်သေအနေနဲ့
ပါမှာပေါ့” ဟု ပူးဇင်ကျုံးက ပြောကြားသည်။
တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရာတွင် ပြည်ပသက်သေ အဖြစ်
အဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲက သဘောတူညီထားသည့် အာဆီယံအဖွဲ့အစည်း ကိုမူ
နိုင်ငံတော် အချုပ်အခြာအာဏာနှင့် တိုက်ရိုက် ပတ်သက်နေ၍ ယင်းအဖွဲ့အစည်းကို
မထည့်ရန် ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း လက်မှတ်ရေးထိုးမည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များကိုမူ သြဂုတ်လ ၇ ရက်တွင်
ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များ ထံမှ သိရှိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးမူကြမ်း (NCA) အဋ္ဌမအကြိမ်မြောက်
အစည်းအဝေးတွင် တိုင်းရင်းသားများ ဘက်မှ အဆိုပြုထားသည့် အချက် ၁၃ ချက်အနက်
၁၀ ချက်ကို သဘောတူညီခဲ့ သော်လည်း ကျန်ရှိသည့် လုံခြုံရေးဆိုင်ရာ
ပြန်လည်ပေါင်းစည်းရေး ကိစ္စ အပါအဝင် လက်မှတ်ရေးထိုးမည့်
နှစ်ဖက်ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပ သက်သေများ အချက်များကို နဝမအကြိမ်
အစည်းအဝေးတွင် ဆက်လက် သဘောတူညီနိုင် ခဲ့ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ဗဟိုလုပ်ငန်း ကော်မတီအကြီးတန်း အကြံပေးအရာရှိ ဦးလှမောင်ရွှေက
ပြောကြားသည်။
“တိုင်းရင်းသားတွေ တင်ပြတဲ့ နိုင်ငံတွေ
ဖိတ်ကြားပေးမယ်။ သူတို့ရှေ့မှောက်မှာ ထိုးမယ်။ ဒါပေမဲ့ တကယ်လိုအပ်ချက်က
နယ်စပ်မှာရှိတဲ့ အိမ်နီးနားချင်း နိုင်ငံတွေ။ အဲဒါကတော့ အိန္ဒိယ၊ ထိုင်း၊
တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ တစ်ကမ္ဘာလုံးကို လွှမ်းခြုံတဲ့ ကုလသမဂ္ဂ
ဆိုတာမျိုး ကျွန်တော်တို့ဘက်က အဆိုပြုပါတယ်။ မူအားဖြင့် သူတို့ကလည်း
သဘောတူပါတယ်” ဟု ပြောကြားသည်။
အဆိုပါ နိုင်ငံများနှင့်
ထိစပ်နေသော မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် အင်အား တောင့်တင်းသော KIO/KIA ၊
‘ဝ’ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ SSPP/SSA ၊ ကရင်အမျိုးသားအစည်း အရုံး KNU ၊
မွန်ပြည်သစ်ပါတီ ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ အခြေစိုက် ထားကာ
မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တော်လှန်ခဲ့ကြသည်။
Credit To >>> The Voice weekly
Friday, August 7, 2015
နိုင်ငံလုံးချီ အပစ်ရပ်စာချုပ်တွင် အသိသက်သေအဖြစ် အိမ်နီးချင်းသုံးနိုင်ငံ ပါဝင်လက်မှတ်ထိုးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment