တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင်
လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းအားလုံး ပါဝင်မှသာ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်မည်ဖြစ်ပြီး အစိုးရအနေဖြင့်
နဂိုအတိုင်း ရပ်တည်နေမည်ဆိုပါက ရွေးကောက်ပွဲမတိုင်ခင်
လက်မှတ်ထိုးနိုင်ရေးခက်ခဲနိုင်ဟု တိုင်းရင်းသား လက်နက်ကိုင်
အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့က ပြောကြားလိုက်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး
အပစ်ရပ်စဲရေး (NCA) လက်မှတ်ထိုးနိုင်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ
အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့သည် အပစ်ရပ်စာချုပ်
(မူကြမ်း) (၉) ကြိမ်မြောက် တရားဝင် ညှိနှိုင်းမှု ဆွေးနွေးပွဲကို သြဂုတ် ၆
ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်
ကိုယ်စားလှယ်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် NCA လုပ်ဆောင်ရာတွင် ရည်ရွယ်ချက် သုံးရပ်ရှိကြောင်း၊
ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောင်တွင် မည်သည့်အစိုးရတက်တက်
ဆက်လုပ်သွားနိုင်မည့် အုတ်မြစ်ချထားနိုင်ရေး၊ အပစ်ရပ်စဲရေး
ခိုင်ခံ့အောင်လုပ်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်တို့
ဖြစ်သည်ဟု UPWC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ဆွေးနွေးပွဲအစတွင် ပြောကြားသည်။
SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က “တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အားလုံးပါဝင်
လက်မှတ်ထိုးနိုင်ဖို့အတွက် အရေးကြီးတယ်လို့ ကျွန်မတို့ ယူဆပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်တွေ့ကျကျ
ကြည့်ရအောင်၊ အကောင်အထည် ဖော်နိုင်ဖို့အတွက် လက်နက်ကိုင် တော်လှန်ရေး
အဖွဲ့အစည်းအားလုံးက အဖွဲ့ကြီးသည်ဖြစ်စေ အဖွဲ့သေးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်နေတဲ့ အဖွဲ့တွေဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး
တည်ဆောက်ရေးမှာလည်း အားလုံးပါဝင်မှသာ ကျွန်မတို့သွားနေတဲ့ စစ်မှန်တဲ့
ငြိမ်းချမ်းရေးလမ်းစဉ် တစ်ခုလုံး အတွက်ကို အောင်မြင်စွာ သွားနိုင်မှာ
ဖြစ်ပါတယ်” ဟု ပြောကြားသည်။
SD ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးကလည်း “အကယ်၍
အချို့အချက်အလက်တွေမှာ UPWC အနေနဲ့ နဂိုမူလရပ်တည်ချက်အတိုင်း
ဆက်လက်ရပ်တည်နေမယ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ရေးထိုး
နိုင်ရေးအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့
ဒီအစိုးရ သက်တမ်းအတွင်းမှာ NCA ကို လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိကြောင်း
ပြောကြားလိုပါတယ်။ ဘယ်အခြေအနေမှာမဆို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
မပျက်စီးအောင် ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Credit To >>> Eleven Media Group
Friday, August 7, 2015
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ရရှိရေး ညှိနှိုင်းရာတွင် အစိုးရအနေဖြင့် နဂိုမူလအတိုင်း ရပ်တည်နေမည်ဆိုပါက ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ထိုးနိုင်ရေး ခက်ခဲနိုင်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment