Monday, August 24, 2015

စစ်မီးမတောက်ရေး တောင်နှင့်မြောက် ကိုယ်စားလှယ်များ ဆက်တိုက်ဆွေးနွေး


ကိုရီးယားကျွန်းဆွယ်တွင် စစ်မီးတောက်စေနိုင်သော တင်းမာမှုများကို လျှော့ချရန်အတွက် တောင်နှင့်မြောက် ကိုရီးယား အကြီးတန်း ကိုယ်စားလှယ်များသည် စနေနေ့က ညလုံးပေါက် ဆွေးနွေးခဲ့ကြပြီး တနင်္ဂနွေနေ့တွင် ဆက်လက်ဆွေးနွေးလျက် ရှိသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ပြုံယမ်းဆန့်ကျင်ရေး ဝါဒဖြန့် ထုတ်လွှင့်မှုများကို မရပ်တန့်ပါက စစ်ရေးအရ တုံ့ပြန်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ထားသော နောက်ဆုံးသတ်မှတ်ချိန် ကျော်လွန်သွားပြီးနောက် စနေနေ့ ညပိုင်းက နယ်စပ် ပန်မွန်ဂျုံကျေးရွာတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ စတင်ခဲ့ပြီး တနင်္ဂနွေ ညနေပိုင်းတွင် ဆွေးနွေးပွဲ ပြန်စမည်ဟု သိရှိရသည်။
“ဒီဆွေးနွေးပွဲကနေ ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်ဖို့ နှစ်ဖက်စလုံးမှာ ဖိအားကျရောက်နေပါတယ်။ ဆွေးနွေးပွဲတွေ ဘယ်လောက်ကြာမယ် ဆိုတာ မခန့်မှန်းနိုင်ပါဘူး” ဟု ဆိုးလ် Konkuk University မှ ပါမောက္ခ ဂျွန်ယောင်းဆန်က သုံးသပ်သည်။
နယ်စပ်တစ်လျှောက် အသံချဲ့စက် စခန်း ၁၁ ခုမှ ဝါဒဖြန့် အသံလွှင့်မှုများကို ပြုံယမ်းက ရပ်ဆိုင်းစေလိုသော်လည်း ဆိုးလ်အာဏာပိုင်များက တစ်စုံတစ်ရာ မရဘဲ မရပ်တန့်နိုင်ကြဟု ဂျွန်က ပြောကြားသည်။
ဆွေးနွေးပွဲများကို ပန်မွန်ဂျုံ၏ တောင်ဘက်ကပ်လျက် တောင်ကိုရီးယား ငြိမ်းချမ်းရေးဂေဟာတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ၎င်းတို့၏ဆိုင်ရာ အစိုးရအသီးသီးနှင့် တိုင်ပင်ရန် ခေတ္တရပ်နားထားသည်။
ထိုသို့ ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း တောင်ကိုရီးယားက အသံလွှင့်မှုများကို ရပ်နားရန် အစီအစဉ်မရှိဟု ပြောကြားထားပြီး တောင်ကိုရီးယား စစ်ဘက်ကလည်း အရေးပေါ်အဆင့် တပ်လှန့်ထားသည်။
ပြုံယမ်းအစိုးရ မီဒီယာကလည်း တောင်ကိုရီးယားအပေါ် ရန်လိုခြိမ်းခြောက်သည့် အပြောအဆိုများကို ဆက်လက်ပြုလုပ်လျက် ရှိသည်။
သို့ရာတွင် မြောက်ကိုရီးယား KNCA သတင်းဌာနက ၎င်းဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းကြေညာရာတွင် တောင်ကိုရီးယား၏ တရားဝင်အမည် Republic of Korea ကို ရှားရှားပါးပါး အသိအမှတ်ပြု ပြောကြားခဲ့ရာ မကြာသေးမီက လေသံနှင့် သိသိသာသာ ကွဲပြားသွားသည်ဟု ဆိုသည်။
တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈,၅၀၀ ဦး တပ်စွဲထားသော အမေရိကန်ပြည်ထောင်စုကလည်း မြောက်ကိုရီးယားဘက်မှ အမြောက်ဆံ ကျရောက်ပေါက်ကွဲမှုအပေါ် ဆိုးလ်နှင့် ဆွေးနွေးရန်အတွက် ယာယီရပ်နားထားသော နှစ်စဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ်ကို ပြန်လည်စတင်လိုက်သည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။

Credit To >>> The Voice News

0 comments:

Post a Comment