Monday, August 24, 2015

ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေး အမတ်လောင်းနှင့် တွေ့ဆုံခြင်း


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ အမတ်လောင်း ဦးကျော်ဇင်ဟိန်းနှင့် The Messenger Media က တွေ့ဆုံ မေးမြန်း ထားသည်များကို ဖော်ပြထားခြင်း ဖြစ်သည်။
 ကော့မှူးမြို့နယ်က ၀င်ပြိုင်ဖြစ်တဲ့ အကြောင်းရင်းကို အရင်ဆုံး ပြောပြပေးပါ။

          ကျွန်တော်တို့ဆီက တိုင်းဒေသကြီး အမှတ်(၁)က ဆရာလေး ဦးဝင်းထိန် ဆိုတာက ဒီ၂၀၁၅မှာ အနားယူတော့မှာ ဆိုတော့ သူ့နေရာမှာ ဒီ၂၀၁၅ ကို ပြိုင်ဖို့ အတွက် ၀င်ပေးပါ ဆိုပြီးတော့ ကျွန်တော့်ကို အမှတ်(၁) တိုင်းဒေသကြီးမှာ လျာထားပေးတယ်။ အဲဒီကနေ ပြီးတော့ ကျွန်တော့် နာမည်စာရင်းက အပေါ်ပါ သွားတယ်။ အဲဒီလို ပါသွားပြီးတော့  ကျွန်တော်တို့ဆီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အဘဦးစိုးတင့်က အသက်အရွယ်ပိုင်းအရ သူက ၀င်မပြိုင်တော့ဘူး ဆိုတော့ ပြည်သူ့ လွှတ်တော် နေရာက လွတ်သွားတယ်။

          အဲဒီလွတ်သွားတဲ့ နေရာမှာ ကျွန်တော့်ကို ဆွဲတင်တဲ့ သဘော ဖြစ်ပါလိမ့်မယ်။ လက်ရှိ ရှိနေတဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လည်း ပါတီကပဲ လျာထားပဲ၊ အဲဒီနေရာကနေ ပြည်သူ့ လွှတ်တော်ကို ဆွဲတင်တယ် ဆိုတာက ပါတီကနေ လျာထားတဲ့ သဘောပဲ။

ဒါဆို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ပါတီကနေ လျာထားပြီး ၀င်ပြိုင် ခိုင်းတာပေါ့။

ဟုတ်ပါတယ်။

ဒေသခံတစ်ဦး ဖြစ်တော့ ကိုယ့်ဒေသမှာ ဘယ်လို မဲဆွယ် စည်းရုံးမှုတွေ ပြုလုပ်ဖို့ရှိလဲ။

          မဲဆွယ် စည်းရုံးတာထက် ကျွန်တော်တို့က ဟိုးအရင်အသင်း ဘ၀ကတည်းက ဒီပါတီ ဖြစ်တဲ့အထိ ရွာတွေကို တောက်လျှောက် ဆင်းတယ်လေ။ ရွာတွေရဲ့ လိုအပ်ချက်တွေကို လုပ်ပေးနိုင်သလောက် လုပ်ပေးတယ်။ တကယ်လို့ တင်ပြစရာ ရှိရင်လည်း တင်ပြပေးတယ်။ အဲဒီလို အနေနဲ့ပဲ အခုအချိန်အထိ တောက်လျှောက် သွားနေတယ် ဆိုတော့ တခြား ထွေထွေ ထူးထူးတော့ လုပ်ဖို့ မရှိပါဘူး။

ဦးကျော်ဇင်ဟိန်းနဲ့ ယှဉ်ပြိုင်ရမယ့် တစ်ယောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆိုတော့ နိုင်မယ်လို့ မျှော်လင့်ထားလား။

          ယုံကြည်ပါတယ်။ နိုင်မယ်လို့တော့ ယုံကြည်တယ်။ ဒါပေမဲ့ ခက်တာက ဒါက ဘယ်လို ပြောရမလဲ။ ဒီမိုကရေစီ ခေတ်မှာတော့ ပြည်သူ့ အပေါ်မှာပဲ မူတည်တယ်။ ပြည်သူက ဒေသခံသား စစ်စစ်ကို ရွေးချယ်မှာလား၊ ဒါမှမဟုတ် အန်တီစုလို ပုံစံမျိုး ပုဂ္ဂိုလ်မျိုးကို ရွေးမလား၊ ဒါကတော့ ပြည်သူ့ အပေါ်မှာပဲ မူတည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ရော ဘယ်လိုမြင်လဲ။

          ဘယ်လိုမြင်လဲ ဆိုတော့ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ အန်တီစုကလည်း ကျွန်တော်တို့ မြို့ကို ကောင်းအောင် လုပ်ပေးမယ်လို့ ယုံကြည်တယ်။ ယုံကြည်တယ် ဆိုတော့ ဘာပဲပြောပြော အန်တီစုဒီမှာ ၀င်တာ ကျွန်တော်က ကြိုဆိုပါတယ်။

ဦးကျော်ဇင်ဟိန်းက ဒေသခံ တစ်ဦးလည်း ဖြစ်တော့ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၂ က အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်မှု အပေါ် ဘယ်လိုမြင်လဲ။

          ကျွန်တော်ကတော့ ကျွန်တော်တို့ ဘက်က အခန်းကဏ္ဍကိုပဲ ခေါင်းထဲ ထည့်ထားတာလေ။ တစ်ဖက်ကိုတော့ သိပ်ပြီးတော့ မတွေးဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့ ၂၀၁၀ကနေ ၂၀၁၅ အတွင်းကတော့ ကျွန်တော်တို့ဆီက ရွေးချယ် ပေးလိုက်တဲ့  ကျွန်တော်တို့ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကို အားရတယ်။

          ဘာလို့ အားရလည်းဆိုရင် သူတို့က တော်တော်ကြီးကို အလုပ် လုပ်တယ်။ နားချိန်ဆိုတာ သိပ်မရှိဘူး။ တော်တော်ကြီးကို ကွင်းဆင်းပါတယ်။ ဘာလို့လဲဆိုရင် ၂၀၁၀ မတိုင်ခင်က ကော့မှူးမြို့နယ် အခြေအနေနဲ့ အခု ကော့မှူးမြို့နယ် အခြေအနေက အရမ်းကြီးကို ပြောင်းလဲသွားတယ်။ ဒါက ကိုယ့်ဒေသသား စစ်စစ်ဖြစ်တဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးက တစ်ကယ့် လွှတ်တော် ကိုယ်စားလှယ်တွေကို ကျွန်တော်တို့မြို့က ပြည်သူက မှန်မှန်ကန်ကန် ရွေးချယ်ပေးလိုက်တဲ့ အတွက်ကြောင့် ဒါတိုးတက် သွားတယ်လို့ မြင်တယ်။

ပါတီအနေနဲ့ ဘာတွေ လုပ်ခဲ့တာလဲ

          ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံ့တေး သုံးမြို့နယ်မှာ ကျွန်တော်တို့ မြို့နယ်က ဖွံ့ဖြိုးမှုအား အနည်းဆုံးပဲ။ ကျွန်တော်တို့ဆီမှာ အဓိက လိုအပ်တဲ့ သော့ချက်ကတော့ ဒေသ ဖွံ့ဖြိုးရေးပဲ၊ အခုဆိုရင် တကယ့် မိန်းလမ်းကြီး နှစ်လမ်းဖြစ်တဲ့ ကော့မှူး၊ ငှက်အော်စမ်း၊ ကျိုက်ထော်လမ်း၊ ကော့မှူး၊ သရက်တောလမ်း ဒီလမ်းကြီးတွေက ကျွန်တော်တို့ အိပ်မက်တောင်  မက်လို့မရတဲ့ လမ်းပေါ့။

          ဟိုးအရင်တုန်းကဆို သမင်ခြံတို့၊ သရက်တောတို့က ဒီလိုမိုးတွင်းဘက်မှာ ကော့မှူးကို လာမယ်ဆိုရင် ကျောက်တန်းကို အရင်စက်လှေနဲ့ သွားရတယ်။ အဲဒီကနေမှ ပန်းဆိုးတန်း၊ ပန်းဆိုးတန်းကနေ ဒလ၊ ဒလကနေ ဒီကိုလာရတဲ့ အခြေအနေတွေ ရှိတယ်။ အဲဒီလို အခြေအနေကနေ အခုဆိုရင် အချိန်တိုလေး အတွင်းမှာပဲ အဲဒီရွာတွေကနေ လာလို့ရတဲ့ အနေအထား အထိ ပြောင်းလဲသွားတယ်။

            လမ်းမကြီးတွေက အရမ်းကောင်းသွားတယ်။ နောက်ချောင်းတွေ မြောင်းတွေက စဖြစ်တဲ့ တစ်သက်လုံး မတူးလာတဲ့ ချောင်းမြောင်းတွေက ဒီကာလအတွင်းမှာ အကုန်လုံး တူးနိုင်တယ်။ အဲဒါကြောင့်မို့ ဒီနှစ်မှာ ရေကြီး ရေလျှံမှုတွေလည်း မဖြစ်လာဘူး။ မတူးခင်တုန်းကဆိုရင် စပါးတွေပျက်တဲ့ အထိ ရေကြီးတာမျိုးတွေ ဖြစ်ဖူးတယ်။

           ဒါမျိုးတွေက ဘာပဲပြောပြော တိုးတက်လာတယ်လို့ပဲ ပြောလို့ရပါတယ်။ ဒါကျွန်တော်တို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေပေါ့၊

ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ

          လောလောဆယ် ကျွန်တော့်အနေနဲ့ ဘာပြောချင်သေးလဲ ဆိုရင် ကိုယ့်ဒေသဖြစ်တဲ့ ကော့မှူးမြို့နယ် အတွက် စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက် သွားပါမယ် လို့ပဲ ပြောချင်ပါတယ်။

နာမည်         ဦးကျော်ဇင်ဟိန်း

မွေးနေ့         (၂၈.၈.၁၉၇၉)

ပညာ          B.A.B Seience ( ၉၇ မှာ တက္ကသိုလ် ၀င်တန်းအောင်)

စီးပွားရေး     ဖုန်းအရောင်းဆိုင်

ပါတီစ၀င်      ၉၆မှာ အသင်းစ၀င်၊ ၉၈ မှာ ရပ်ကျေးအမှုဆောင်ဖြစ်၊ ၂၀၁၄မှာ မြို့နယ် အလုပ် အမှုဆောင်။

Credit To >>> Messenger News

0 comments:

Post a Comment