Monday, November 28, 2016

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှု တားမြစ်ရန်၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဇုန်များသည် လူနေထိုင်ရာများနှင့် တစ်ထပ်တည်း ကျနေသည့်အပြင် တည်းခိုခန်းများ၊ ဟိုတယ်များ ရှိနေသဖြင့် ဥပဒေများပြင်ဆင်ရန် လုပ်ဆောင်မည်

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုတားမြစ်ရန်နှင့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဇုန်များသည် လူနေထိုင်ရာ နေရာများဖြစ်သည့်
မြို့ပြလူနေမှုရပ်ကွက်၊ ကျေးရွာများနှင့် အချို့နေရာများတွင် တထပ်တည်း ကျရောက်နေပြီး ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ မပြဋ္ဌာန်းမီကပင် ဟိုတယ်၊ တည်းခိုခန်းများ ရှိနေသဖြင့် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်သုံးသပ် ဖြည့်စွက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တာဝန်ယူထားပြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီး ဦးစိုင်းကျော်ဇောက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်း သိရသည်။
အတွင်းရေးမှူးအဖြစ် မန္တလေးတိုင်းဒေသကြီး တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်ကို တာဝန်ပေးအပ်ထားသည်ဟု သိရသည်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဇုန်များ ဖြစ်သည့် MZ၊ AZ နှင့် PZ များသည် လူနေထိုင်ရာ နေရာများဖြစ်သည့် မြို့ပြလူနေမှုရပ်ကွက်၊ ကျေးရွာများနှင့် အချို့နေရာများတွင် တထပ်တည်း ကျရောက်နေပြီး ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ မပြဌာန်းမီကပင် ဟိုတယ်၊ တည်းခိုခန်းများ ရှိနေသဖြင့် ဥပဒေများ၊ နည်းဥပဒေများကို ကျွမ်းကျင်ပညာရှင်များ၊ ဆက်စပ်ဌာနများနှင့် ဆွေးနွေးညှိနှိုင်း၍ ပြန်လည်သုံးသပ် ဖြည့်စွက်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်အပြင် ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်ကာကွယ် ထိန်းသိမ်းနိုင်ရန် နည်းလမ်းရှာဖွေ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂံ၊ ညောင်ဦးမြို့ပြဧရိယာများ နှင့် ဆက်စပ်နေသည့် နေရာများအား ကျွမ်းကျင်ပညာရှင်များ ဆက်စပ်ဝန်ကြီးဌာနများ နှင့် ပူးပေါင်းပြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက်ပါ ရည်ရွယ်ပြီး ယဉ်ကျေးမှုဇုန်နယ်နိမိတ် ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လက်ရှိ ဖွင့်လှစ်လုပ်ကိုင်နေသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများကို တိုးချဲ့တည်ဆောက်ခွင့်၊ ဖွင့်လှစ်ခွင့် မပြုရန်နှင့် လက်ရှိအခြေအနေကို အသေးစိတ် စာရင်းကောက်ယူထားကာ မွမ်းမံပြင်ဆင်ရန် လိုအပ်ပါက လက်ရှိအခြေအနေအတိုင်းသာ ဥပဒေနှင့် အညီ ဆောင်ရွက်စေရန်နှင့် လုပ်ငန်းရှင်များကို ဥပဒေ၊ နည်းဥပဒေ စည်းကမ်းများအား လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်များအရ သိရသည်။
ထို့ပြင် ပုဂံယဉ်ကျေးမှုအမွေအနှစ် နယ်မြေတွင် MZ၊ AZ နှင့် PZ တို့နှင့် လွတ်ကင်းသည့် နေရာများတွင် ဟိုတယ်ဇုန်နေရာများ ရွေးချယ်သတ်မှတ်ခြင်းကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် UNESCO နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးမူများ၊ အဆောက်အအုံ တည်ဆောက်ခြင်း စည်းမျဉ်းစည်းကမ်းများကို ဌာနဆိုင်ရာများနှင့် ဒေသခံများ လိုက်နာဆောင်ရွက်စေရေး ပညာပေးရန်နှင့် ကြီးကြပ်ရန်အပြင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ဒေသခံများ ပူးပေါင်းပါဝင်ရေး လိုက်နာဆောင်ရွက်ရေး ပညာပေး စည်းရုံးဆောင်ရွက်မှု ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လက်ရှိရှိနေသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား မြို့ပြဒေသဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ခရီးသွားလုပ်ငန်း စီမံချက်များကြောင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်ပျက်စီးမှု မဖြစ်စေရန်နှင့် မပျောက်ပျက်အောင် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ  နေရာ၊ ကြားခံနေရာများနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်မှု ပြုရမည်ဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment