Wednesday, August 26, 2015

ရန်ကုန်တက္ကသိုလ်နှင့် ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အကောင်အထည် ဆက်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ကိစ္စ ဆက်လက် အကောင်အထည် ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော်ကော်မတီ၊ ကော်မရှင်များ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်သူများက ပြောကြားသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ရှိ ကော်မတီ၊ ကော်မရှင် ဥက္ကဋ္ဌ များတွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်က သူ့ အဆိုတင်ပြီး အောင်မြင်ခဲ့တဲ့ ဆေးရုံကိုရော တက္ကသိုလ်ကိစ္စကိုပါ တင်ပြတယ်။ အစိုးရဘက်ကို တိုက်တွန်းမယ့်သဘောပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းအစည်းအဝေးကို ယနေ့ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် လွှတ်တော်ရုံး အပေါ်ထပ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ အပါအဝင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ယင်းကဲ့သို့ အစည်းအဝေးကို ပြုလုပ်ခြင်းမရှိခဲ့သည်မှာ ၉ လရှိပြီဖြစ်ပြီး လက်ရှိ ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် အရေးတကြီး လိုအပ်သည့် ဥပဒေကြမ်းများကို အတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဆိုင်းငံ့ထားသော သတ္တုတွင်း ဥပဒေ၊ လွှတ်တော်ကိုယ်စားလှယ် ပြန်လည် ရုပ်သိမ်းသည့် ဥပဒေကြမ်း အပါအဝင် အတည်မပြုနိုင်သည့် ဥပဒေများကို လာမည့်အစိုးရသစ် သက်တမ်းတွင် ဆက်လက် လုပ်ဆောင်ပါက အဆင်သင့် ဖြစ်စေရန် ကြိုတင် လုပ်ဆောင်ထားရန် ညွန်ကြားထားကြောင်း ဦးစောလှထွန်းက ထပ်လောင်းပြောကြားသည်။

လက်ရှိတွင် ရပ်နားထားသော အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်း ၁၄ ခု၊ ကျင်းပဆဲ ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၂၄ ခုရှိနေပြီး အရေးပေါ် လိုအပ်နေသော ဥပဒေကြမ်းများကို ပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်သွားမည်ဟု အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

Credit To >>> The Voice News

0 comments:

Post a Comment