
သံလွင်မြစ်ကြောင်း တစ်နေရာအား ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
LLAM က ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်များထုတ်လုပ်သည့် စီမံကိန်းကို မွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမတောင် ကြိုးစိုင်းအကွက် အမှတ် (၄၇) အတွင်း လုပ်ဆောင်ရန် အဆိုပြုထားပြီး စီမံကိန်းဧရိယာ ၂၂၅ ဧကရှိကြောင်း၊ စီမံကိန်းမှ ထွက်ရှိမည့် ခွဲကျောက်များ တင်ပို့မည့် ဆိပ်ခံတံတားမှာ သံလွင်မြစ်ကမ်းပါး ကော့ကရင်ကျေးရွာ၊ ကော့်ထော်ကျေးရွာနှင့် ဒေးကင်းကျေးရွာအနီးတွင် တည်ရှိပြီး ဆိပ်ခံတံတား စီမံကိန်းသည် မြေ ၃၅ ဒသမ ၅၅ ဧကရှိကြောင်း ဦးကျော်ဇောဝင်းက ဆက်လက်ပြောကြားသည်။
စီမံကိန်းအတွက် ကျောက်များကို ယမ်းဖြင့်ခွဲ၍ အရွယ်အစားကြီး ကျောက်များကို ကျောက်ခွဲစက်ဖြင့် ထပ်မံခွဲယူကာ ကျောက်ခွဲစက်မှ ထွက်ရှိသော ခွဲကျောက်များကို ကုမ္ပဏီပိုင်မြေဖြစ်သည့် သံလွင်မြစ်ကမ်းပေါ် တည်ဆောက်မည့် ဆိပ်ခံတံတားမှ ရေယာဉ်များဖြင့် မွန်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းသို့ ပို့ဆောင်သွားမည် ဖြစ်သည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း စီမံကိန်းအတွက် သြဂုတ် ၁၆ ရက်က ဥတ္တံတားကျေးရွာတွင် စီမံကိန်းပတ်ဝန်းကျင်နေထိုင်သူ ပြည်သူများနှင့်တွေ့ဆုံ၍ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ဆောင်သွားမည့် အခြေအနေများကိုလည်း E Guard Environmental Services Co,ltd မှ ဒါရိုက်တာ ဦးတင်အောင်မိုးက ပြောကြားခဲ့သည်။
E Guard အနေဖြင့် ယခုမှသာ စီမံကိန်းလေ့လာမှု လုပ်ဆောင်မည်ဖြစ်သဖြင့် မည်သည့်ဆိုးကျိုးများ ရှိလာမည် မပြောနိုင်သေးသော်လည်း စီမံကိန်းပတ်ဝန်းကျင် ၃၅၂၅၈ ဧကကို လေ့လာကာ တွေ့ရှိချက်များကို ဒေသခံများအား ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဒေသခံများအနေဖြင့် ကုမ္ပဏီ၏ ယမ်းများဖြင့် မိုင်းခွဲထုတ်လုပ်မှုကြောင့် ဒေသခံများ၏ လယ်ယာမြေများ ထိခိုက်လာမည့် ဆိုးကျိုးများ၊ ရေထွက်ပေါက်များ ထိခိုက်ပျက်စီးနိုင်မှုများနှင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကုမ္ပဏီမှ ဦးစားပေး ဆောင်ရွက်စေလိုကြောင်းနှင့် ကုမ္ပဏီ၏ စီမံကိန်းကြောင့် ထိခိုက်ပါကမည်သို့ တိုင်ကြားရမည်ကို သိလိုကြောင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။
အဆိုပါစီမံကိန်းသည် ဒေသခံများ၏ ခြံမြေနှင့် လယ်မြေများအား ထိခိုက်နိုင်မည်ဖြစ်ပြီး လက်ရှိမှာပင် ကုလားမတောင်မှ စီးဆင်းသည့် စမ်းရေများမှာ နုန်းနှင့်သဲများပါဝင်၍ ရေနီပေါက်နေကာ အဆိုပါစမ်းရေအပေါ် မှီခိုနေရသည့်ကျေးရွာများမှာ ဆိုးရွားသည့် အခြေအနေဖြစ်နေကြောင်း ဥတ္တံတားကျေးရွာမှ မကြည်ကြည်မြင့်နှင့် ဦးမြသန်းက ပြောကြားသည်။
“ဒီလုပ်ငန်းက ဒီရွာမှာလာလုပ်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူး။ ကုမ္ပဏီအနေနဲ့ ပွင့်လင်းမြင်သာမှုရှိစွာ လုပ်မယ်ဆိုရင် အငြင်းပွားစရာ မရှိဘူး။ ရွာသားတွေစိတ်ပူတာ မိုင်းခွဲလို့ ရေထွက်ပေါက် ပိတ်သွားမလား။ မိုင်းခွဲမှုကြောင့် သဲတွေ၊ နုန်းတွေ ကျလာမလား။ အပေါ်က ရေထွက်ပေါက်တွေ ပိတ်သွားတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်သွားမလား စိုးရိမ်နေတယ်။ ဒါတွေကို ဖြေရှင်းပေးနိုင်မှ အဆင်ပြေမှာပါ။ ဘာတွေထိခိုက်နိုင်လဲ အမြဲတမ်း ကျေးရွာသားတွေနဲ့ ပူးပါင်းဆောင်ရွက်ပေးပါ” ဟု ဥတ္တံတားကျေးရွာမှ ဦးကျော်ခိုင်ဦးက ပြောကြားသည်။
စီမံကိန်းနှင့် ပတ်သက်၍ ကုမ္ပဏီနှင့် ဒေသခံ အာဏာပိုင် အစုအဖွဲ့အချို့အကြား အပေးအယူများ ကြားသိနေရသည့်အတွက် ဥတ္တံတားကျေးရွာ နာရေးကူညီမှုအသင်းမှ ရွာသားများ၏ လိုအပ်ချက်ကို LLAM အနေနှင့် ရွာသားများ၏ ကိုယ်စားပြုနိုင်သည့် အသင်းအဖွဲ့များနှင့်သာ ဆောင်ရွက်ပေးစေလိုကြောင်း မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး ကုမ္ပဏီကြောင့် လယ်မြေနှင့် ယာမြေများ ထိခိုက်ပါက နစ်နာကြေးပေးရန်နှင့် ရေထွက်များ ထိခိုက်ပါက ဖြေရှင်းပေးရန် ဥတ္တံတားကျေးရွာ နာရေးကူညီမှုအသင်းမှ ဦးအောင်လွင်က တောင်းဆို ပြောကြားသည်။
LLAM က လုပ်ဆောင်မည့် စီမံကိန်းနေရာသည် ကုလားမတောင်ပေါ်မှ ပေါင်မြို့ နယ် ဥတ္တံတားကျေးရွာ အနီးတစ်ဝိုက် စီးဆင်းမည့် စမ်းရေထွက် သုံးခုအနက် ရေထွက် နှစ်ခုကို ထိခိုက်နိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် နုန်းတားများပြုလုပ်၍ ရေကြည်ရေသန့်ရရှိရန် ကန်တူးဖော်နေကြောင်း ဦးကျော်ဇောဝင်းက ဆိုသည်။
“ပွင့်လင်းမြင်သာမှု အားနည်းခဲ့တော့ ဒီစီမံကိန်းကြောင့် သံသယဖြစ်စရာတွေ ရှိခဲ့ပါတယ်။ စီမံကိန်းက ကောင်းကျိုးတွေ ရှိနိုင်သလို ဆိုးကျိုးတွေလည်းရှိမှာမို့ သံသယဖြစ်စရာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ” ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောကြားသည်။
LLAM ၏ အုပ်ချုပ်မှူ ဒါရိုက်တာသည် ဦးအောင်မိုးကျော်ဖြစ်ပြီး စီမံကိန်းသည် နှစ်စဉ် မြေငှားရမ်းစနစ်ဖြင့် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကာ နှစ်ရှည်မြေငှားရမ်းစနစ်ဖြင့် လုပ်ဆောင်ခွင့်ရရှိရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြနေကြောင်း သိရသည်။
“ဥတ္တံတားတောင်က ကျတဲ့ရေကို ဒီရွာနဲ့ သံဃာတွေ အမှီပြုနေရတယ်။ အခု ကျောက်မိုင်းတွေကြောင့် ဘုန်းကြီးတို့ အမှီပြုနေရတဲ့ ရေတွေ သုံးမရတော့ဘူး” ဟု ဥတ္တံတားကျေးရွာ ဘီလူးမကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။
ဒေသခံများ၏ တောင်းဆိုချက်များကို ကုမ္ပဏီအနေနှင့် အဆင်ပြေအောင် လုပ်ဆောင်ပေးမည်ဟု LLAM မှ တာဝန်ရှိသူများက တုံ့ပြန်ပြောကြားခဲ့သည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment