Thursday, July 23, 2015

ရွေးကောက်ပွဲကော်မရှင် အခြေခံမဲစာရင်းတွင် ပြည်ပရောက်ရှိနေသူများ အပါအ၀င် လူဦးရေ ၃၂ သန်းကျော် စာရင်းရရှိထားကြောင်း ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အခြေခံမဲစာရင်းတွင် ပြည်ပရောက်ရှိနေသူများ အပါအ၀င် လူဦးရေ ၃၂ သန်းကျော် စာရင်းရရှိထားပြီဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်က ရွှေလီလမ်းရှိ ယင်းကော်မရှင် ရန်ကုန်ရုံးခွဲတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အရ သိရသည်။
“ကွန်ပျူတာထဲ ထည့်ပြီးတော့ ကျွန်တော် Main Server ထဲ ထည့်ထားပါတယ်။ ကျွန်တော့် Main Server ထဲမှာ ဘယ်လောက်ရောက်နေပြီလဲ ဆိုတော့ ၃၂ သန်းကျော် ရောက်နေပြီ” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရရှိထားသည့် အခြေခံ မဲဆန္ဒရှင်စာရင်း ၃၂ သန်းတွင် နိုင်ငံခြားသို့ ရောက်ရှိနေသူများလည်း ပါဝင်ကြောင်း ဥက္ကဋ္ဌ ဦးတင်အေးက ဆက်လက်ပြောကြားသည်။

“နိုင်ငံခြားသွားသွား၊ ဘယ်နိုင်ငံသွားသွား။ သူက အခြေခံမဲစာရင်းမှာ ပါရမှာပေါ့။ အခု ကျွန်တော့လက်ထဲမှာရှိတဲ့ ၃၂ သန်းက နိုင်ငံခြားရောက်နေတဲ့ သူတွေလည်း ပါတယ်။ အဲ့ဒါကြောင့်  မဲပေးနိုင်ပြီးလားလို့ ပြောတော့ ပြည်တွင်းစာရင်းမှာ ပါနေတဲ့ အတွက်ကြောင့် မဲပေးနိုင်ပါတယ်။ မဲပေးရအောင် ဘယ်လိုလုပ်မလဲဆိုတော့ တရာဝင် အစိုးရခွင့်ပြုချက်နဲ့ ပတ်စ်ပို့ထုတ်သွားတာ မဟုတ်ဘူးနော်။ အစိုးရကနေ သွားအလုပ်လုပ်တာ။ ပညာသွားသင်တာ။ ဒါကတော့ နိုင်ငံခြားရေး ၀န်ကြီးဌာနက Interpret လုပ်ပါလိမ့်မယ်။ အဲဒီလို လူမျိုးတွေက ပုံစံ ၁၅ တောင်းရင် ကျွန်တော်တို့ မဲလက်မှတ် ပို့ပေးလိုက်ပါမယ်။ အဲဒီကျရင် မဲပေးခွင့်ရမှာပါ။ ပါလား၊ မပါလား။ ဘယ်လောက်ဆိုတာ မသိပါဘူး။ ဒါပေမဲ့ မဲစာရင်းထဲမှာတော့ သူတို့တွေ အကုန်လုံး ပါထားပါတယ်။ ပါလည်း ပါရပါမယ်။ ကျွန်တော် သွားပြီးစစ်တဲ့အချိန်မှာ ဒီလူတွေက နိုင်ငံခြားရောက်နေတယ် ဆိုတာကို ကျွန်တော်တို့ ၁ (ဂ) အုပ်ချုပ်ရေးမှူးရုံးမှာ သွားကြည့်ရင် မှတ်ပုံတင်ထားတာ ရှိပါတယ်။ အဲဒီလူတွေ မဲစာရင်းထဲမှာ ပါပါတယ်” ဟု ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

နေပြည်တော်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်မှုများအရ မဲဆန္ဒရှင်ပေါင်း ၆၁၄၁၂၆ ယောက် ရှိသည့်အနက် ၂၀၈၂၉၅ ယောက်လာကြည့်၍ ရာခိုင်နှုန်းအားဖြင့် ၃၃ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းမဲဆန္ဒရှင်စာရင်းတွင် မပါဝင်မှုကြောင့် ပုံစံ ၃ ဖြင့် လာရောက်ပြင်ဆင်သူ ၁၃၀၁၇ ယောက် (၆ ဒသမ ၂ ရာခိုင်နှုန်း )၊ ပုံစံ ၄ ဖြင့် မပါသင့်သူများ ပါဝင်နေ၍ ကန့်ကွက်သူ ၃၅၈၅ ယောက် (၁ ဒသမ ၇၂ ရာခိုင်နှုန်း) ရှိကြောင်း၊ ပုံစံ ၄(ဂ)ဖြင့် အချက်အလက် မှားယွင်းကြောင်း ကန့်ကွက်သူ ၁၂၂၁၀ ဦး ( ၅ ဒသမ ၈ ရာခိုင်နှုန်း) ကြောင်းနှင့် လက်ရှိ စိစစ်မှုအရ ၁၃ ရာခိုင်နှုန်းခန့်သာ မှားယွင်းမှုရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ထို့အတူ မကွေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင် ၂ ဒသမ ၈ သန်း ရှိသည့်အနက် ၁ ဒသမ ၃ သန်းကျော် မဲစာရင်း လာကြည့်၍ ၄၅ ဒသမ ၃၉ ရာခိုင်နှုန်းရှိကြောင်း၊ ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄(ဂ)ဖြင့် လာရောက်ပြင်ဆင်သူ တစ်သိန်းလေးသောင်းကျော် (၄ ဒသမ ၉၇ ရာခိုင်နှုန်း) ရှိကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်အား နိုဝင်ဘာ ၈ ရက်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ယာယီမဲစာရင်း ပြင်ဆင်မှုကို ယခု ဇူလိုင်လကုန်ပိုင်းအထိ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ သြဂုတ်လ နောက်ဆုံးပတ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“သြဂုတ်လ နောက်ဆုံးပတ်လောက်များ ဖြစ်များဖြစ်မလား မသိဘူး။ ဒါတော့ တစ်နိုင်ငံလုံးကို ကျွန်တော် ကြေညာပါ့မယ်။ မဲစာရင်းဟာ ဘယ်နေ့မှာ ကပ်ပါမယ်။ လာရောက်ကြည့်ကျပါ။ မပါရင် ဖြည့်ကြပါ ၃။ မှားနေရင် ပြင်ကြပါ ၄ (ဂ)၊ မပါသင့်တဲ့လူ ပါနေရင် ၄။ ကြေညာပါ့မယ်။ အဲဒီအချိန်မှာလည်း ၁၄ ရက်ကပ်ပါ့မယ်။ ၁၄ ရက် ကပ်ပြီးလို့ ရှိရင်တော့ အဲဒါ Final ပါပဲ။ အဲဒီမှာ ပြင်ပါ၊ ဖြည့်ပါ၊ ကန့်ကွက်ပါ။ အကုန်လုံး ပြင်ဆင်ပြီးရင်တော့ ကျွန်တော်တို့ အဲဒီမဲစာရင်းကို မဲရုံတွေဆီ ပို့ပေးတော့မှာပါ” ဟု ဦးတင်အေးက ပြောကြားသည်။


Credit to>>> Eleven Media Group

0 comments:

Post a Comment