Monday, July 27, 2015

သီပေါ နမ့်ပေါင်ချောင်းကူးတံတား ကျိုးကျမှု ကိုးဦး သေဆုံး၊ ၁၀ ဦးကျော် ပျောက်ဆုံး


ရှမ်းပြည် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ သီပေါ-နမ္မတူ ကားလမ်းပေါ်ရှိ နမ့်ပေါင်ချောင်းကူးတံတား ဇူလိုင်လ ၂၅ ရက်က ရုတ်တရက် ကျိုးကျစဉ် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် လူများ မျောပါခဲ့ရာမှ ရေနစ်သေဆုံးသူ ရုပ်အလောင်း ကိုးလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး ၁၀ ဦးကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သီပေါမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“မနေ့ညက ခြောက်လောင်း ပြန်တွေ့တယ်၊ ဒီမနက် သုံးလောင်းကို ထပ်တွေ့ထားတယ်၊ လေးယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်တယ်၊ တံတားကျိုးကျချိန် ဘေးပတ်ဝန်းကျင်က မြင်လိုက်သူတွေရဲ့ ပြောဆိုချက်တွေအရ ပျောက်ဆုံးနေသူက နောက်ထပ် ၁၀ ယောက်ကျော်လောက် ကျန်ဦးမှာ။ ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ထပ်မံရှာဖွေနေပါတယ်” ဟု အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ၂၄ ရက် ညပိုင်းမှ စတင်ကာ သီပေါမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ဒုဋ္ဌဝတီ မြစ်ရေကြီးကာ နမ့်ပေါင်ချောင်းကူး တံတားကို မြစ်ရေတိုက်စားခဲ့ရာမှ ဇူလိုင်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲက ယင်းတံတား၏ တောင်ဘက်ခြမ်းမှ စတင်တံတားကျိုးခဲ့ပြီး တံတားပေါ်ရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့်လူများမှာ နမ့်ပေါင်ချောင်းရေထဲ မျောပါသွားကြောင်း သီပေါမြို့နယ်ရှိ ဒေသခံများထံမှ သိရှိရသည်။
“ချောင်းရေကြီးချိန် တံတားပေါ်ကနေ ရေစီးနေတာကို ရပ်ကြည့်နေသူတွေ ရုတ်တရက် ချောင်းကူးတံတား ကျိုးကျတော့ ရေထဲ အကုန်မျောပါသွားတာ၊ မနေ့က ကယ်ဆယ်ရေးအဖွဲ့ ရှာတော့ သေဆုံးနေတဲ့ ခြောက်လောင်းကို တွေ့ခဲ့တယ်၊ ဒီနေ့မနက် ရေထဲကျိုးကျနေတဲ့ ကွန်ကရစ်တံတားက အပိုင်းအစတွေ အောက်မှာ သုံးလောင်းကို ထပ်တွေ့ထား တယ်၊ ကျန်တဲ့သူတွေတော့ ထပ်ရှာနေတုန်း၊ မိုးကတော့ ဒီနေ့ရွာတာ ပါးသွားပါပြီ” ဟု ဒေသခံဖြစ်သူ ဦးမိုးမြင့်က ပြောကြားသည်။
အဆိုပါ ရေတိုက်စားရာမှ ကျိုးကျခဲ့သည့် နမ့်ပေါင်ချောင်းကူး ကွန်ကရစ်တံတားမှာ နှစ်ပေါင်းတစ်ရာကျော်ကြာ သက်တမ်းရှိပြီး အရှည်ပေ ၁၂၀ ရှိကာ သီပေါမြို့နယ် ဇာတ်စုရပ်ကွက်နှင့် မြို့လယ်ရပ်ကွက် နှစ်ခုကို ဆက်သွယ်ထားသည့် ချောင်းကူးတံတား ဖြစ်ကြောင်း၊ တံတားကျိုးကျမှုကြောင့် သီပေါမှ နမ္မတူဘက်သို့ သွားလာနိုင်ရန် သီပေါမြို့အတွင်းရှိ အေသုံးလုံး တံတားအသစ်ဘက်မှ ယာဉ်ငယ်နှင့် ဆိုင်ကယ်များကို သွားလာခွင့် ပြုထားကြောင်း သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူ ရုံးထံမှ သိရှိရသည်။
“သီပေါဆေးရုံမှာ အမျိုးသမီးသုံးဦး အပါအဝင် အလောင်းကိုးလောင်းကို လာပို့ထားတယ်၊ ဒဏ်ရာရ ဆေးကုသူက လေးယောက်၊ ဒီနေ့မနက် ပြည်နယ်ဝန်ကြီးချုပ် ဆင်းလာပြီး တံတားကျိုးကျတဲ့ နေရာမှာ လာရောက်စစ်ဆေး ကြည့်ရှုခဲ့သလို သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း ထောက်ပံ့သွားတယ်၊ ချောင်းထဲကျိုးကျသွားတဲ့ တံတားက ကွန်ကရစ်အတုံးတွေကို ဘက်ဖိုးတွေ ကရိန်းတွေနဲ့ ပြန်ဆယ်ယူနေပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေရေး လုပ်နေပါတယ်” ဟု သီပေါမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း နေရာကွက်၍ မိုးကြီးခဲ့ရာမှ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း၊ မိုးကုတ်နှင့် စဥ့်ကူးမြို့နယ်၊ ရှမ်းပြည်နယ် ကွတ်ခိုင်၊ မူဆယ်၊ နမ့်စန်နှင့် သီပေါမြို့တို့တွင် ရေကြီးရာမှ နေအိမ်အဆောက်အအုံအချို့ ပျက်စီးကာ ဇူလိုင်လ ၂၅ ရက်နေ့အထိ ရေနစ်သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ပြန်လည်ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
Credit to >>> The Voice

0 comments:

Post a Comment