
ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၆၄/၇ နှင့် ၁၆၄/၀ ကြားရှိ
ဟဲနုရွာ ချောင်းကူးတံတားသည် ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး
တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် တံတားရေမျောပါသွားခဲ့ပြီး
တံတားမျောပါသွားသည့် နေရာတွင် ယာဉ်အစီးရေ တစ်ရာခန့် ပိတ်မိနေကာ
ခရီးသည်များ သွားလာရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။
မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်က “အခုပြည်သူ့
ဆောက်လုပ်ရေးလုပ်ငန်းက အဖွဲ့တွေ ရောက်နေပြီ။ ယာယီတံတား ထိုးဖို့အတွက်
သူတို့ကားတွေလည်း ရောက်နေပြီ။ လက်ရှိဆောင်ရွက်တော့မှာ ဘေလီသံပေါင်
တင်ထားတဲ့ကားတွေ ရောက်နေပြီ။ ဇူလိုင်၂၄ ရက် နံနက် ၈ နာရီ
ရေကြီးတော့ပါသွားတာ။ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိတဲ့ သစ်သားတံတားပါ။
တံတားဟိုဘက်ဒီဘက် ကားအစီးရေ ၅၀ လောက်ရှိမယ်။ လိုင်းကားတွေပေါ့။ သူတို့က
လူတို့ကုန်ပစ္စည်းတို့ ပြန်ချိန်းပေးတာ။ လမ်းပိုင်းဖွင့်ဖို့
သူတို့လောလောဆယ် လုပ်တော့မယ်။ ရေကြီးတာ ဟဲနုချောင်းရယ်၊ မော်လူးချောင်းရယ်က
အဓိကကြီးတာ။ ဒါကြောင့်မို့ မော်လူးရေ နစ်တာ” ဟုပြောကြားသည်။
မော်လူးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးမြင့်က “ရေကြီးတာက မနက်
၎ နာရီလောက်က မိုးရွာတယ်။ ၅ နာရီလောက်မှာ ရေကတဖြည်းဖြည်း ၀င်လာတယ်။
ဆိုင်ကယ်တွေ အပေါ်တင်၊ ပစ္စည်းတွေ အပေါ်တင်ရတယ်။ ကျွန်တော့်အိမ်ဆို
အမြင့်ကြီးပဲ။ အောက်ထပ်မှာ တော်တော်နစ်သွားတယ်။ လူနေအိမ်တွေ ရေထဲပါသွားတာက
ဟဲနုက ခြောက်အိမ်။ တစ်အိမ်က အနောက်ခြမ်းပါသွားတယ်။ ညောင်ပင်သာက
တစ်အိမ်ပါသွားတယ်။ ရေမကြီးတာ နှစ်ပေါင်း ၃၀ လောက်ရှိတော့မယ်။ အဲဒီတုန်းကထက်
အခုက ပိုကြီးတာ။ ကားတွေပိတ်မိနေတာ အစီးရေ အများကြီးပဲ။ တချို့လည်း
ပြန်ခေါက်သွားကြတယ်။ တချို့လည်း ဟိုဘက် ဒီဘက် ချိန်းတာပေါ့။ တံတားကူးလို့
မရတော့ ကားချင်းချိန်းကြတာ။ ကျွန်တော်တို့ NLD က မိသားစု ၁၀ ယောက်။
ရှစ်ယောက်ရှိတဲ့ မိသားစုအိမ်ဆို ဆန်တစ်တင်းခွဲ တစ်အိတ်ပေးလိုက်တယ်။
ကျန်တဲ့အိမ်တွေကျတော့ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ ဆားတစ်ပိဿာ၊ မားမားဖာ
တစ်ဖာကို ဟဲနုရွာက ခုနစ်အိမ်၊ ညောင်ပင်သာက သုံးအိမ် စုစုပေါင်း ၁၀ အိမ်
ဝေလိုက်တယ်။ အကူအညီတွေက လိုသေးတယ်။ မိသားစုတွေက ထမင်းချက်စရာ အိုးခွက်တွေ
ဘာမှမရှိတော့ဘူး။ ရေမျောသွားတာ။ လူအသေအပျောက်တော့ မရှိဘူး။ နွားငါးကောင်
ရေနစ်သေတယ်လို့ ကြားတယ်” ဟု ပြောကြားသည်။
“ဟဲနုရွာမှာက တံတားနှစ်စင်းရှိတယ်။ ကားလမ်းတံတားရယ်၊ ရထားတံတားရယ်။
ဒီမီးရထားတံတားက ရေလမ်းကင်းလွတ်နယ် မြေနည်းနယ်။ ဒီမှာရေလာပြီဆိုရင်
မော်လူးထဲရေ၀င်ပြီ။ ခါတိုင်း ဒီနေရာမှာ နွားလှည်းတောင် မောင်းနေတာ။
ဒီတံတားက ပိတ်တော့ ရေကစားပြီး ပွင့်သွားတာ။ အရင်က ဖြစ်တာ။ အဲဒါပဲ
မော်လူးမှာ သုံးကြိမ်ရှိပြီဖြစ်တာ။ ဟဲနုရွာမှာ ရေက တစ်ရပ်လောက်ရှိတယ်။ ရေက
မနက် ခြောက်နာရီခွဲလောက် စ၀င်ပြီ။ ကျွန်တော်တို့ မော်လူးထဲကို
ခုနစ်နာရီဆိုရေက ရောက်လာပြီ။ ခဏပဲ။ ငါးမိနစ်အတွင်းဆို ရေက
ဝုန်းဆိုတက်လာတယ်။ ရွှေဘို-မြစ်ကြီးနား ကားလမ်းက တံတားမှာ သစ်ကိုင်းတွေ
သစ်ပင်တွေဆို့တယ်။ အိမ်တွေ ပါပြီး မျောပြီးမှ ဆို့တယ်။ အဲဒီကစပြီး
ရေလုံးတွေ တက်လာတာ။ ရေလုံးတက်ပြီး ဒီတံတားပြိုသွားချိန်မှာ ရေဟာ
တောက်လျှောက် မော်လူးဘက်လာတယ်။ မော်လူးမှာ ရေလာပြီလို့ပြောတော့ လူတွေက
ပြေးကြတယ်။ ကိုယ်လည်း မသိလိုက်ဘူး။ အဲဒီအချိန်မှာ ကိုယ်လည်းဘာပစ္စည်းမှ
မသယ်လိုက်နိုင်ဘူး။ ရေက ဗြုန်းစားကြီး တက်လာတာ။ တစ်မြို့လုံး
ရေလွှမ်းကုန်တာ။ ကျွဲနွားသေတာ နှစ်ကောင်၊ သုံးကောင်တော့ ကြားမိတယ်” ဟု
မော်လူးဒေသခံ ဦးချိတ်က ဆိုသည်။
အင်းတော်မြို့နယ်အတွင်း ဇူလိုင် ၂၄ ရက် မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် မော်လူးကျေးရွာအုပ်စုရှိ ဟဲနုချောင်းရေလျှံလာပြီး
ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိဟဲ နုတံတားရေထဲ မျောပါသွားခဲ့ကြောင်း၊
ထိုသို့တံတားရေထဲ မျောပါသွားမှုကြောင့် ကားအစီးရေ တစ်ရာခန့် ပိတ်မိနေပြီး
ခရီးသည်များမှာ ချောင်းကူးကာ ကားပြောင်းစီး နေရကြောင်း သိရသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ နန့်ဒရန့် ချောင်းကူးယာယီ တံတားမှာလည်း
ရေထဲပါသွားခဲ့ပြီး ချောင်းကူးရန် ဆိုင်ကယ်များမှာ တစ်စီးလျှင် ကျပ် ၂၀၀၀
နှုန်းဖြင့် ထမ်းခိုင်းနေရကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ
ချောင်းများမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး
ဖြတ်သန်းရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း၊ ခရီးသည် များမှာလည်း
လမ်းခရီးတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ယာဉ်မောင်းတစ်ဦးက
ပြောကြားသည်။
Credit to >>> Eleven Media Group
Monday, July 27, 2015
ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ဟဲနုရွာချောင်းတံတား တောင်ကျချောင်းရေဖြင့် မျောပါသွားပြီး ယာဉ်အစီးရေ ၁၀၀ ခန့် ပိတ်မိနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment