
ဒီမိုကရက်တစ် ကိုရီးယား သမ္မတ နိုင်ငံဟု တရားဝင် အမည်သတ်မှတ်ထားသည့်
ကွန်မြူနစ် နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပလေ့ ရှိသော်လည်း မဲဆန္ဒရှင်
ပြည်သူအားလုံးသည် လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအန်းမှလွဲ၍ မည်သူ့ကိုမျှ
မဲပေးခွင့် မရှိချေ။
ထို့အပြင် မဲပေးနိုင်ခွင့် သတ်မှတ်ချက်တွင်
ပါဝင်နေလျက်နှင့် ကင်မ်၏ မူဝါဒများကို ထောက်ခံမဲပေးရန်
ပျက်ကွက်သူများကိုလည်း ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်လေ့ရှိကြောင်း
သိရသည်။
ဇူလိုင် ၁၉ ရက် ရွေးကောက်ပွဲတွင် မြောက်ကိုရီးယား နိုင်ငံသားများသည်
မဲရုံများသို့ သွားရောက်ကာ ကင်မ်အတွက် ထောက်ခံမဲများ ထည့်ခဲ့ကြသည်။
ထို့နောက်တွင်မူ အာဏာရ ပါတီ၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယား အစိုးရ
သတင်းဌာနများက မဲပေးခွင့်ရှိသူ စုစုပေါင်း အရေအတွက်၏ ၉၉.၉၇ ရာခိုင်နှုန်းထိ
မဲရုံများသို့ လာရောက်ခဲ့ကြောင်း ကြေညာခဲ့သည်။
အစိုးရပိုင် မီဒီယာက မဲပေးသူများသည် သီချင်းများ အော်ဆိုကာ
ပျော်ရွှင်စွာ ကခုန်ရင်း အာဏာရ ပါတီ၏ နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့်
ကိုယ်စားလှယ်များကို စိတ်အားထက်သန်စွာ မဲပေးခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကင်မ်အာဏာရလာသည့်နောက်ပိုင်း ဒေသဆိုင်ရာ အဆင့်ထိ
ရွေးကောက်ပွဲများကို ပထမဆုံးအကြိမ် ကျင်းပခြင်းလည်း ဖြစ်သည်။
၁၉၉၉ ခုနှစ်မှ စကာ မြောက်ကိုရီးယားတွင် ရွေးကောက်ပွဲများ ၎
နှစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ယင်းကို အစွဲပြုကာ နိုင်ငံအမည်ကို
ဒီမိုကရက်တစ်ဆိုသည့် ဝေါဟာရ ထည့်သွင်း သတ်မှတ်ထားခြင်း ဖြစ်သည်။ ၂၀၁၁
ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲတွင် မဲပေးသူ အရေအတွက် ၉၉.၈၂ ရာခိုင်နှုန်း
ရှိခဲ့ဖူးကြောင်း အစိုးရ မီဒီယာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်ကမူ ပြည်သူ့ညီလာခံ၏ အမတ် ၆၈၇ ဦး နေရာအတွက်
မဲပေးရာတွင်မူ မဲပေးပိုင်ခွင့်ရှိသူ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ မဲပေးပြီး
အစိုးရ မူဝါဒများကို ထောက်ခံခဲ့ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ဖူးသည်။
ရွေးကောက်ပွဲ ရလဒ်များကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်
ကြေညာဖွယ်ရှိပြီး မဲပေးသူများက အစိုးရ မူဝါဒများကို ထောက်ခံကြောင်း
ကြေညာမှုမှ လွဲ၍ အခြားရလဒ် ထွက်ပေါ်ဖွယ် မရှိကြောင်းလည်း သတင်းများက
ဖော်ပြသွားသည်။
Credit to >>> 7Day Daily
Monday, July 20, 2015
မြောက်ကိုရီးယား ရွေးကောက်ပွဲတွင် မဲပေးသူ ၉၉.၉၇ ရာခိုင်နှုန်း ရှိခဲ့ဟု ကြေညာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment