Thursday, July 16, 2015

ရွေးကောက်ပွဲ မပြီးခင် မြန်မာနိုင်ငံအပေါ် အထူး ကုန်သွယ်မှု အကျိုးခံစားခွင့်များ မပေးရန် ကန်လွှတ်တော် အမတ် ပြောကြား

 
 ရွေးကောက်ပွဲ မပြီးခင်အထိ မြန်မာနိုင်ငံ အပေါ် ပေးအပ်မည့် အထူးကုန်သွယ်မှု အကျိုး ခံစားခွင့်များကို ရပ်ဆိုင်း ထားပေးရန် အမေရိကန် အစိုးရကို အမေရိကန် လွှတ်တော်အမတ် Mitch McConnell က တိုက်တွန်း လိုက်ကြောင်း ရိုက်တာ သတင်းဌာနမှ ဖော်ပြထားချက် အရ သိရသည်။
           ““မကြာသေးခင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ရှုံးနိမ့်ခဲ့ရတာကို ကြည့်ပြီး မြန်မာနိုင်ငံ အပေါ်ပေးမယ့် အထူးကုန်သွယ်မှု အစီအစဉ်ကို ရွေးကောက်ပွဲ မပြီးခင်အထိ ရပ်ဆိုင်းထားဖို့ လိုအပ်တယ်လို့ ကျွန်တော် ယုံကြည်တယ်”” ဟု အမေရိကန် လွှတ်တော်၏ ရီပတ်ဘလင်ကန် အမတ်ခေါင်းဆောင် Mitch McConnell က ပြောသည်။
            ရွေးကောက်ပွဲ ပြီးသည့်အခါတွင်မှ  မြန်မာနိုင်ငံ၏  ပြုပြင်ပြောင်းလဲရေး၏ အခြေအနေကို တန်ဖိုးဖြတ် အကဲခတ်နိုင်မည် ဖြစ်ကာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ဖြေလျှော့ သင့်မသင့် စဉ်းစားရန် သင့်လျော်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ Mr. Mitch McConnell သည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ဖူးသည်။
            အဆိုပါ အထူး ကုန်သွယ်မှု အစီအစဉ်မှာ ဆင်းရဲသော နိုင်ငံများကို အကူအညီပေးရန် အတွက် ရည်ရွယ် လုပ်ဆောင်နေသည့် အစီအစဉ် တစ်ရပ် ဖြစ်ကြောင်း သိရသည်။
            ““ဒါကတော့ ဒီမိုကရေစီ သဘောအရ သူတို့လည်း ပြောခွင့်ရှိပါတယ်။ သူတို့မှာ သူတို့နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောခွင့်ရှိတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောခွင့်ရှိပါတယ်”” ဟု ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှ ဦးကိုကိုထွန်းက The Messenger Media သို့ ပြောသည်။
            အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၈) ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
            ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် အစိုးရတစ်ရပ် အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွင် ရှိသောကြောင့် တစ်ကမ္ဘာလုံးမှ စောင့်ကြည့်နေကြောင်း နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက ပြောကြားသည်။
Credit to >>> Messenger News

0 comments:

Post a Comment