
ကမ္ဘာ့မြေပုံပေါ်၌ သီရိလင်္ကာ သို့မဟုတ် မြန်မာနိုင်ငံကို ရှာဖွေရန် ကမ္ဘာသူ
ကမ္ဘာသား များစွာတို့အတွက် ခက်ခဲနိုင်သော်လည်း ယခုအခါ အဆိုပါ အာရှနိုင်ငံ
နှစ်ခုစလုံးသည် အရေးကြီးသည့် အထင်ကရ နိုင်ငံရေး အသွင်ကူးပြောင်းမှုအတွင်း
ရောက်ရှိနေပြီး ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များမှာလည်း မရေမရာေ၀၀ါးနေဆဲသာ
ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် သြဂုတ် ၁၇ ရက်တွင် ကျင်းပမည့်
ပါလီမန်ရွေးကောက်ပွဲက အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ဖူးသည့် သမ္မတ
မေသရီပါလာသီရိသေနာ သမ္မတအဖြစ် ဆက်ရှိမည်လား ဟူသည်ကို အဆုံးအဖြတ်ပေးမည်
ဖြစ်သည်။ ယင်းနောက် သုံးလအကြာ နိုဝင်ဘာ ၈ ရက်တွင် မြန်မာနိုင်ငံ၌လည်း
ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီ
အာဏာရမည်လား၊ စစ်အာဏာရှင်စနစ် လမ်းကြောင်းပေါ် ရှိနေမှုမှ
အသွင်ပြောင်းလဲနိုင်မည်လား ဟူသည်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
သီရိလင်္ကာနှင့်
မြန်မာနှစ်နိုင်ငံလုံး၏ ရွေးကောက်ပွဲရလဒ်က ဒေသတွင်းအတွက်သာမက
ကမ္ဘာကြီးတစ်ခုလုံး အတွက်ပါ အရေးပါနေသည်။ အလျင်အမြန် ဖွံ့ဖြိုးလာနေသော
ဒေသတွင်း၌ ယင်းနှစ်နိုင်ငံသည် တောင်အာရှဒေသနှင့် အရှေ့တောင်အာရှ ဒေသအတွက်
အဓိက သယ်ယူပို့ဆောင်ရေး အချက်အချာနေရာများ ဖြစ်လာနေသည်။ ယင်းနှစ်နိုင်ငံသည်
နိုင်ငံရေးအရ ဖယ်ကြဉ်ခံထားရမှုမှ ရုန်းထွက်ကာ အကျိုးအမြတ်ရှိသော
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကိုယ်စားပြုနိုင်သည်။
ယင်းနှစ်နိုင်ငံ၏ နှစ်စဉ် ဂျီဒီပီ ကြီးထွားနှုန်းသည်
ခြောက်ရာခိုင်နှုန်းအထက် ရှိသည်။ ဖြစ်နိုင်သည့် အရေးကြီးဆုံး အချက်မှာ
နှစ်နိုင်ငံစလုံးသည် ဒီမိုကရေစီကို ရွေးချယ်ခဲ့ကြပြီး အနာဂတ်အတွက်
ဈေးကွက်စီးပွားရေးကို ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်
တစ်ချိန်တည်းမှာပင် အာဏာရှစ်စနစ်နှင့်အတူ စီးပွားရေးစနစ်များကို
ဗဟိုချုပ်ကိုင်မှုက လွှမ်းမိုးထားဆဲဖြစ်သည်။
သီရိလင်္ကာတွင် ဘက်နှစ်ဘက်က
အပြင်းအထန် ပြိုင်ဆိုင်လျက်ရှိသည်။ မဟင်ဒါရာဇာပက်ဆာသည် ၁၀ နှစ်ကြာ
သမ္မတလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ရာဇာပက်ဆာ၏ တပ်များသည်
ကာလရှည်ကြာခဲ့ပြီဖြစ်သော တမီးလ်တို့၏ သူပုန်ထမှုကို အပြီးသတ်
နှိမ်နင်းခဲ့သည်။ အစိုးရတပ်များ၏ နောက်ဆုံးအဆင့် ရက်စက်စွာ နှိမ်နင်းမှု၌
ထောင်နှင့်ချီလျက် သေဆုံးမှုများ ရှိခဲ့ပြီး မည်သည့်အခါကမှ အသိပေးခဲ့ခြင်း
သို့မဟုတ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်း မပြုလုပ်ခဲ့ပေ။ နောက်ပိုင်းတွင်
ရာဇာပက်ဆာသည် အာဏာကို ပို၍ပို၍ ချဲ့ထွင်ဆုပ်ကိုင်ခဲ့ပြီး ချေမှုန်းခံရသည့်
တမီးလ်တိုင်းရင်းသားများနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်း
မရှိပေ။ အစိုးရ အဆက်အသွယ်များမှတစ်ဆင့် သူ၏ မိသားစုကို အကြီးအကျယ်
ကြီးပွားချမ်းသာအောင်သာ ပြုလုပ်ခဲ့သည်။ သူ၏ လုံခြုံရေးတပ်များကလည်း
ဝေဖန်သူများကို နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ကာ တစ်ခါတစ်ရံ၌
သတ်ဖြတ်မှုများပင် ရှိခဲ့သည်။
တတိယမြောက် သမ္မတသက်တမ်းအတွက်
ကြိုးပမ်းနေသော ရာဇာပက်ဆာသည် ယခုနှစ် ဇန်န၀ါရီတွင် သီရိသေနာကို
နေရာဖယ်ပေးခဲ့ရသည်။ သမ္မတဖြစ်လာသော သီရိသေနာသည် သူ၏ရှေ့မှ သမ္မတများ၏
လုပ်ရပ်များစွာတို့ကို အလျင်အမြန် ပြောင်းပြန်လှန်ပစ်လိုက်ပြီး
နိုင်ငံအာဏာ၏ ဒီမိုကရေစီ ချိန်ခွင်လျှာကို ပြန်လည်ထိန်းသိမ်းခဲ့သည်။
သီရိသေနာသည် ယခုအခါ ပြုပြင်ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်ရန်
ကြိုးပမ်းလျက် ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာခဲ့ပြီ ဖြစ်သည်။ ရာဇာပက်ဆာနှင့်
သူ့အား ထောက်ခံသူများက သီရိသေနာနှင့် သူ၏ မူဝါဒများကို
တိုက်ခိုက်လျက်ရှိပြီး အာဏာရှင်စနစ်နှင့် ခွဲခြားအုပ်ချုပ်ရေး မူဝါဒများကို
ဆက်လက်လုပ်ဆောင်ရန်အတွက် အာဏာပြန်လည်ရရှိရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံတွင်မူ
ယှဉ်ပြိုင်ဘက်များက အဖြူအမည်း သဲကွဲမှု မရှိပေ။ ကာလကြာရှည်စွာ
ကြီးစိုးလာခဲ့သော စစ်အာဏာရှင်များကပင် ၎င်းတို့ကိုယ်တိုင် ထိန်းချုပ်ကာ
ဖြည်းဖြည်းချင်း ရွေ့လျားမည့်ပုံမျိုးဖြင့် ဒီမိုကရေစီသို့ ရွှေ့ရန်
ကြိုးပမ်းနေသည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ သမ္မတဖြစ်လာသည့်
ဦးသိန်းစိန်ခေါင်းဆောင်သော စစ်ဗိုလ်ချုပ်များစွာသည်
စစ်ယူနီဖောင်းများကိုချွတ်ကာ အစိုးရ၀န်ကြီးများနှင့် နိုင်ငံရေးသမားများ
ဖြစ်လာသည်။
Credit to >>>Eleven Media Group
Monday, July 20, 2015
ရွေးကောက်ပွဲများပေါ် မူတည်နေသည့် အမေရိကန်နှင့် မြန်မာ၊ သီရိလင်္ကာတို့၏ ဆက်ဆံရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment