
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များ အဆင့်မြှင့်တင်ရေးအတွက်အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် ၂၀၁၅ ခုနှစ် မေလအတွင်းက အစုရှယ်ယာများဝယ်ယူရန်ဖိတ်ခေါ်ခဲ့ပြီး ပထမဆုံးခြေလှမ်းအဖြစ် အစိုးရနှင့်ကုမ္ပဏီကြီးငါးခုကရင်းနှီးမြုပ်နှံငွေများထည့်ဝင်ပြီးဖြစ်ကြောင်းအများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့ အတွက် ကျွန်တော်တို့ တည်ထောင်သူလိုတယ်။ မေလမှာ အများပိုင်ကုမ္ပဏီတည်ထောင်ပြီး ဘတ်စ်ကားတွေပြေးဖို့အတွက် ရှယ်ယာရှင်တွေကို ဖိတ်ခေါ်ခဲ့တယ်။ လက်ရှိမှာအစိုးရက ကျပ် ၁၀ ဘီလျံနဲ့ ဒိုင်းမွန်းစတား၊ ရွှေတောင်၊ ရွှေသံလွင်၊ ဇေယျာနဲ့ အဆိုစီရေး ရှင်းနဲ့ အခြားကုမ္ပဏီတစ်ခုက ကျပ်သန်း ၅၀၀ စီ တည်ထောင် သူအဖြစ် အသီးသီး ထည့်ဝင်ထားပြီးဖြစ်ပါတယ်" ဟု ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောသည်။ လက်ရှိတွင် ခရီးသည်တင်ယာဉ်များမှာ ပုဂ္ဂလိကပိုင်ယာဉ်များဖြစ်ပြီး အစုအဖွဲ့နှင့်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းပိုင်ဆိုင်မှု ပိုများကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များမှာလည်း စည်းကမ်းလိုက်နာမှု အားနည်း နေဆဲဖြစ်ပြီး ထိန်းချုပ်ရန်ခက်ခဲသည့် အနေအထားဖြစ်နေသည်။
"ယာဉ်ပိုင်ရှင်တွေက တစ်ဦးတစ်ယောက်ချင်းဖြစ်တဲ့အပြင် ယာဉ်မောင်းတွေကလည်း အုံနာခပေးပြီးရင် ကိုယ်ရကိုယ်ယူစနစ်ဖြစ်တဲ့ အတွက် ယာဉ်မောင်းတွေက စည်းကမ်းချိုးဖောက်ပြီး ငွေရဖို့ကိုပဲ ပိုပြီးအာရုံစိုက်တဲ့ ပုံစံမျိုးဖြစ်ပြီးတော့ ခရီးသည်ကို လုံးဝဂရုမစိုက် တဲ့ အနေအထားဖြစ်နေတယ်။ ဒီစနစ်ကြီး တစ်ခုလုံးကို ပြောင်းလဲပစ်ချင်တာပါ" ဟု ဒေါက်တာမောင်အောင်က ပြောသည်။ အများပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထား ဆဲဖြစ်ပြီး ကုမ္ပဏီအဖြစ်မှတ်ပုံတင်ရရှိပါက အများပြည်သူသို့ အစုရှယ်ယာများ ရောင်းချ သွားမည်ဖြစ်ပြီး ဇူလိုင်လအတွင်း ရောင်းချ သွားနိုင်ရန် မျှော်မှန်းထားကာ အစုရှယ်ယာ တစ်ခုအတွက် ငွေကျပ် ၁၀၀,၀၀၀ သတ်မှတ် ထားသည်။ "ကျွန်တော်တို့က ကနဦးရင်းနှီးမြှုပ်နှံနိုင် မယ့် ကုမ္ပဏီတွေကို တည်ထောင်သူအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းက အများပြည်သူကို ၀န်ဆောင်မှုပေးရမယ့် လုပ်ငန်းဖြစ်လို့ စလုပ်လုပ်ချင်းမှာ သေချာပေါက်ရှုံးမှာဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ အရှုံးခံနိုင်မယ့် ကုမ္ပဏီတွေကို ရွေးချယ်ခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ အနေအထားအရ အမြန် ဘတ်စ်ကားလိုင်းစနစ်ကို အကောင်အထည်ဖော်ရာတွင် အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရန် အခြေခံအဆောက်အအုံများ လိုအပ်နေသေးသည့်အတွက် ပထမအဆင့်အဖြစ် အပေါ့စား ဘီအာရ်တီစနစ်ကို စတင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ဘတ်စ်ကားနံပါတ်များနှင့် အချိန်စာရင်းများ ကို အယ်လ်အီးဒီ ဘုတ်များဖြင့်ပြသပေးမည့် ဘတ်စ်ကားမှတ်တိုင်များကို အစိုးရက တာဝန်ယူ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး အခြားသောနည်းပညာကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင်များ တည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်လကုန်တွင် စတင်သွားမည်ဖြစ်သည်။
"ဒီစနစ်မှာ ကျွန်တော်တို့ လမ်းအကျပ်ဆုံး အချိန်တွေဖြစ်တဲ့ မနက်ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်တွေကို
အဓိကထားပြီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ခရီးသည်တွေအဆင်ပြေပြေ
သက်သောင့်သက်သာနဲ့ လိုရာခရီးကို သွားနိုင်ဖို့ဖြစ်ပါတယ်။ အရင်က ကားစီးချိန်နှစ်
နာရီလောက်ကြာတယ်ဆိုရင် အဲဒါကို လျှော့ချသွားမယ်။ မြန်ရမယ်၊ ၀န်ဆောင်မှုကောင်းရမယ်"ဟု
ဒေါက်တာမောင်အောင်က ပြောသည်။
ဘတ်စ်ကားများ သွားနိုင်ရန်အတွက် သတ်မှတ် အမြန်လမ်းကြောင်းကိုလည်း အစိုးရကပင်
စီစဉ်ပေးမည်ဖြစ်ပြီး မီးပွိုင့်များ တွင် စီစီတီဗီများ တပ်ဆင်ရန်အတွက်မူ တင်ဒါခေါ်ယူသွားမည်ဖြစ်၍
အကောင်အထည်ဖော်ရန်အတွက် ဂျပန်ကုမ္ပဏီတစ်ခု ကို ဖိတ်ခေါ်ထားကြောင်းသိရသည်။
"လမ်းကြောင်းတစ်ခုကိုပုံသေ ယူထားပြီး အဲဒီလမ်းမှာပဲ ကားတွေဆွဲမှာဖြစ်ပါတယ်။ သတ်မှတ်
ထားတဲ့အချိန်တွေမှာ အဲဒီလမ်းကို ဖြတ်မောင်းခွင့်ပြုမှာ မဟုတ်ပါဘူး။ အမြန် လမ်းအတွင်း
ဝင်ရောက်ပြေးဆွဲတဲ့ကားတွေ အတွက် အရေးယူမယ့်ဥပဒေတစ်ခုကိုထုတ်ဖို့ အထိ ကျွန်တော်တို့
စီစဉ်ထားပါတယ်။ စစချင်း ကားစီးရေ ၆၀ ကနေ ၈၀ အထိ စတင်ပြေးဆွဲပေးမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကားစီးရေ ၁၀၀ အထိ ဆွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဘယ်နိုင်ငံကနေ
ကားတွေတင်သွင်းမလဲ ဆိုတာတော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်" ဟု ဒေါက်တာမောင်အောင်က
ပြောသည်။
လက်ရှိဘတ်စ်ကားများ ပိုင်ဆိုင်သော ပိုင်ရှင်များလည်း အများပိုင်ကုမ္ပဏီတွင် ပါဝင်ရန်အတွက်
အစုရှယ်ယာများဝယ်ယူနိုင်သော် လည်း အမြတ်ငွေခွဲဝေမှုမှာမူ တစ်နှစ်လုံးစာအတွက်သာ
စီစဉ်ပေးနိုင်မည်ဖြစ်သည်။ "အများပိုင်ကုမ္ပဏီကို ၀င်ချင်တဲ့သူတွေ တစ်ခုသိဖို့လိုအပ်ပါတယ်။
အဲဒါက အမြတ် ကို နေ့စဉ် ဒါမှမဟုတ် လစဉ် ပေးနိုင်မှာ မဟုတ်ပါဘူး။ နှစ်စဉ်အတွက်ပဲ
ရှင်းပေးနိုင် မှာ ဖြစ်ပါတယ်။ ပြီးတော့ အမြတ်ငွေ ဘယ်နှရာခိုင်နှုန်းအထိ ပေးမလဲဆိုတာတော့
မသတ်မှတ်ရသေးပါဘူး။ ဒါကြောင့် တချို့က ရှယ်ယာထည့်ဝင်ဖို့ကိုစဉ်းစားနေကြတယ်" ဟု
ဒေါက်တာမောင်အောင်က ပြောသည်။ ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ် ကားလိုင်းများတွင်
ကိုယ်ပိုင်ယာဉ်များ ထူထောင်ကာ လုပ်ကိုင်နေကြသော မော်တော်ယာဉ်ပိုင်ရှင်များကမူ အများပိုင်
ကုမ္ပဏီတွင် အရင်းအနှီး ထည့်ဝင်ကာ ရရှိသည့်အကျိုး အမြတ်ကို နှစ်စဉ်ရှင်းသည့်စနစ်မှာ
၎င်းတို့ အတွက် လက်တွေ့တွင် အဆင်မပြေနိုင်ကြောင်း ပြောသည်။
"လက်ရှိမှာ ခရီးသည် သယ်ယူပို့ဆောင် ရေးကို လုပ်နေတဲ့ ကားပိုင်ရှင်အများစုကတော့
ကားပြင်ဖို့နဲ့ စားဖို့လောက်ပဲရတဲ့သူ များတယ်။ ကားတွေကို လက်ငင်းဝယ်တဲ့သူကလည်း
၁၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းက အကြွေးဝယ်ထား ကြရတာ။ မိုးရာသီမှာ
ဆိုရင် ၀င်ငွေကျပြီး ပိုအခက်အခဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော် တို့မှာ ရှိတဲ့ငွေကို တစ်ဖက်တစ်
လမ်းမှာ အကျိုးအမြတ်ရအောင် လုပ်မယ်ဆိုရင် နေ့စဉ်၊ ဒါမှမဟုတ် လစဉ်မဟုတ်ဘဲ နှစ်ကုန်မှ
ရမယ်ဆိုရင် အခက်အခဲရှိတယ်" ဟု အမှတ် ၃၁ ယာဉ်လိုင်းပိုင်ရှင် ဦးမျိုးဝင်းကပြောသည်။
သို့သော်လည်း ၎င်းက ယခုလက်ရှိ ပြင်ဆင် လျက်ရှိသည့် မြို့တွင်းခရီးသည်များသယ်ယူ
ပို့ဆောင်ရေးလုပ်ငန်းအတွက် အများပိုင်ကုမ္ပဏီထူထောင်ခြင်းကို အားပေးကြောင်း ပြောသည်။
"အများပိုင်ကုမ္ပဏီ ထူထောင်တာကို အားပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တော့ သိပ်စိတ်
ဝင်စားမှုမရှိဘူး။ တခြား သူတွေလည်း ဒီလိုပဲနေမှာပဲ။ ဒီလိုအကြာကြီး ရင်းနှီးမြှုပ်နှံထားနိုင်ဖို့က
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပဲ လုပ်နိုင်မှာပါ" ဟု ဦးမျိုးဝင်းက ပြောသည်။ လက်ရှိ ရန်ကုန်မြို့တွင်း
ခရီးသည်တင်ဘတ်စ်ကားလိုင်းများကို တာဝန်ယူကြီးကြပ် လျက်ရှိသော မော်တော်ယာဉ်လုပ်ငန်း
ပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ယခုကဲ့သို့ အများပိုင် ကုမ္ပဏီ
ထူထောင်ကာ ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ခြင်းမှာ ကောင်းမွန်သည့်
လုပ်ရပ်ဖြစ်သော်လည်း ၀န်ဆောင်မှုကို အဓိကထားသည့် လုပ်ငန်းဖြစ်ခြင်းကြောင့် အကျိုးအမြတ်
အတွက် အချိန်ယူစောင့်ဆိုင်း ရမည်ဖြစ်ကြောင်း ပြောသည်။
"ဒီလိုအများပိုင် ပြောင်းတယ်ဆိုတာက စနစ်ကြီးတစ်ခုလုံးကို ပြောင်းလိုက်တာဖြစ်လို့ အချိန်တော့
ယူရလိမ့်မယ်။ ပြီးတော့ အများ ပြည်သူကို ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တဲ့ အတွက် အကျိုး
အမြတ်ကတော့ နည်းမှာ သေချာတယ်။ ကားစီးရေအများကြီးကို ရင်းနှီး မြှုပ်နှံရတာဖြစ်လို့
တစ်နှစ်နဲ့လည်း ဒီအရင်းက ပြန်ရချင်မှရမယ်။ တခြားနိုင်ငံတွေမှာလည်း ခရီးသည် သယ်ယူ
ပို့ဆောင်ရေးအတွက် အစိုးရက ထောက်ပံ့မှုပေးတယ်။ ဒါကြောင့် အခုလည်း ကျွန်တော်တို့
အစိုးရကထောက်ပံ့မှု ပေးလိုက် တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းပိုင် ဘတ်စ်ကားတွေကတော့
နေ့ချင်းညချင်း အမြတ်ရဖို့ဆိုရင်တော့ မဖြစ်နိုင်သေးဘူးလို့ ထင်တယ်။ အချိန်အတိုင်းအတာ
တစ်ခုရလာရင်တော့ ဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်" ဟု ဦးလှအောင်က ပြောသည်။
Credit to >>> MyanmarTimes News
Wednesday, July 15, 2015
ခရီးသည်ပို့ဆောင်ရေး၊အများပိုင်ကုမ္ပဏီဖွဲ့ရန်ကနဦးရင်းနှီးမြှုပ်နှံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment