
ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေရာ သန္တာကျောက်တန်း နေရာတွင် သောင်တင်နေသည့်
စစ်သင်္ဘောပျက် တစ်စီးကို ဖိလစ်ပိုင် ရေတပ်က ပြန်လည် ပြင်ဆင်ပြီး
စစ်အခြေစိုက် ကင်းစခန်း တစ်ခုအဖြစ် အသုံးပြုမည့် အစီအစဉ်ကို တရုတ်က
ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင် ရေတပ်က မိမိတို့သည် စစ်သင်္ဘောဟောင်း ဆိုင်ရာမာဒရီကို ပြန်လည်
ပြင်ဆင် မွမ်းမံသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ သင်္ဘောသည် တရုတ်နှင့်
ဖိလစ်ပိုင်တို့ကြား ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ကမ်းလွန်
သန္တာကျောက်တန်းတွင် သောင်တင်လျက်ရှိသည်။ အဆိုပါ သန္တာကျောက်တန်းသည်
ဖိလစ်ပိုင် ကမ်းလွန်နှင့် ပိုမိုနီးကပ်စွာ တည်ရှိသော်လည်း တရုတ်က ၎င်းတို့
ပိုင်နက် ရေပြင်တွင် ကျရောက်နေကြောင်း အရေးဆိုထားသည်။
တရုတ်သည် တောင်တရုတ် ရေပြင်ရှိ သန္တာကျောက်တန်းနှင့်
ကမ်းလွန်သောင်ပြင်များတွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ကာ ရေပိုင်နက်
ထိန်းချုပ်မှုကို လက်ဝါးကြီးအုပ်ရန် ကြိုးစားနေသလို ဖိလစ်ပိုင်ကလည်း အလားတူ
တုံ့ပြန်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ ဖိလစ်ပိုင်သည် စစ်သင်္ဘောပျက်
ဆိုင်ရာမာဒရီကို ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်မည့်အပြင်
ဆူဘစ်ပင်လယ်အော်ရှိ အမေရိကန် ရေတပ်စခန်းဟောင်း နေရာတစ်ခုကိုပါ အသစ်မွမ်းမံ
တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စုက နှစ်ဖက်စလုံး အနေဖြင့် အဆိုပါ အပြုအမူမျိုးကို
ရှောင်ကြဉ်ရန် ကြားဝင် တိုက်တွန်းထားသည်။ ယခုအခါ တရုတ် နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟွာချွန်ယင်းက ဖိလစ်ပိုင် အနေဖြင့်
ဒုတိယသောမတ်စ် သောင်ကမ်းပေါ်ရှိ စစ်သင်္ဘောပျက်ကို ပြန်လည်ပြင်ဆင် အသုံးပြုရန်
ရည်ရွယ်ထားခြင်းသည် ရန်လိုသည့် အပြုအမူ တစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ
စည်းမျဉ်းများကို ဖောက်ဖျက်ရာ ရောက်ကြောင်း ပြစ်တင် ပြောကြားခဲ့သည်။
သူမက ဖိလစ်ပိုင် အနေဖြင့် အဆိုပါ သင်္ဘောပျက်ကို ထိုနေရာမှ ဝေးရာသို့
ဆွဲဖယ်သွားသင့်ကြောင်းလည်း ဆိုသည်။ “ဖိလစ်ပိုင်ဟာ နိုင်ငံတကာ
အသိုက်အဝန်းကို ပေးထားတဲ့ ကတိတွေကို ဖောက်ဖျက်ပြီး သူတို့ရဲ့ ကြောင်သူတော်
ဇာတိရုပ်ကို ပြသလာတာပါပဲ။ ပြီးတော့ ဒီလုပ်ရပ်ဟာ ဒေသတွင်းမှာ တကယ်တမ်း
ပြဿနာတွေ ဖန်တီးနေတာ၊ စည်းမျဉ်းတွေ ဖောက်ဖျက်နေတာဟာ ဖိလစ်ပိုင်ဖြစ်ကြောင်း
ထင်ရှားလာစေပါတယ်”ဟုလည်း ဟွာက စွပ်စွဲ ပြောဆိုသွားသည်။
ဒုတိယကမ္ဘာစစ် ကာလက သင်္ဘောပျက်ကြီးသည် ဆိုးဆိုးရွားရွား
ပျက်စီးနေပြီဖြစ်ပြီး အချို့နေရာများတွင် သံချေးစားနေပြီ ဖြစ်သည်။
သို့သော်လည်း ဖိလစ်ပိုင် ရေတပ်က ယင်းကို သင်္ဘောအဖြစ် မဟုတ်ဘဲ အထိုင်ချ
ကင်းစခန်း တစ်ခုအဖြစ်သာ ပြင်ဆင်အသုံးပြုရန် စဉ်းစားထားခြင်း ဖြစ်သည်။
ဖိလစ်ပိုင်သည် ဆူဘစ်ပင်လယ်အော် အမေရိကန် ရေတပ်စခန်းဟောင်းကိုလည်း ပြန်လည်
ဖွင့်လှစ် အသုံးပြုဖွယ် ရှိနေသည်။
အဆိုပါ ပင်လယ်အော်သည် တရုတ်နှင့် ဖိလစ်ပိုင်တို့ ပိုင်ဆိုင်ခွင့်
အငြင်းပွားနေရာ စကာဘာရော့ ကျွန်းစုမှ ရေမိုင် ၁၄၅ မိုင်မျှသာ ကွာဝေးသည်။
စကာဘာရော့ ကျွန်းသည် တရုတ်ကမ်းလွန်မှ တိုင်းတာလျှင်မူ မိုင်ပေါင်း ၅၀၀
ကျော် ကွာလှမ်းသည့် နေရာတွင် တည်ရှိကြောင်း သိရသည်။
Credit to >>>7Day Daily
Friday, July 17, 2015
ပိုင်နက်အငြင်းပွားသည့် ရေပြင်မှ စစ်သင်္ဘောပျက်ကို ပြန်လည်ပြင်ဆင် အသုံးပြုမည့် ဖိလစ်ပိုင်ကို တရုတ်ကန့်ကွက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment