Friday, July 10, 2015

ဒေါ်လာဈေး လေးရက်အတွင်း ကျပ် ၃၀ ခန့် ခုန်တက်၊ တစ်ဒေါ်လာလျှင် ၁၂၂၀ ကျပ် ပေါက်ဈေးရှိ


 မြန်မာ့စီးပွားရေး ကျဆင်းနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု IMF ကိုယ်စားလှယ်အဖွဲ့က သုံးသပ်ထားသော မြန်မာနိုင်ငံ၏ ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားများမှာ ဝယ်လိုအား မြင့်တက်နေပြီး လေးရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၀ ခန့် ခုန်တက်ခဲ့ကြောင်း အဆိုပါ ဈေးကွက်အတွင်းထံမှ သိရသည်။

တရားဝင် ငွေလဲကောင်တာများနှင့် ဘဏ်များတွင် အရောင်းပိတ်ထားခြင်းကြောင့် အဓိကဝယ်ရောင်း လုပ်ကိုင်နေသော ပြင်ပဈေးကွက်အတွင်း ဇူလိုင်လ ၆ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၁၉၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၉ ရက်နေ့တွင် ၁၂၂၀ ကျပ်အထိ မြင့်တက်လာကြောင်း ပြင်ပငွေကြေး ဈေးကွက်အတွင်းထံမှ သိရသည်။
ယခင်ကတည်းက မိုးတွင်းကာလ မှာ ပုံမှန်အခြေအနေများထက် နိုင်ငံခြားငွေ အဝင်နည်း၍ အထွက်များသည့်ကာလ ဖြစ်သည့်အတွက် ယခုရက်ပိုင်းတွင် ဈေးများ ပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
“ပွင့်လင်းရာသီ မဟုတ်တဲ့အတွက် နိုင်ငံခြားခရီးသွားက အဝင်နည်းတယ်။ နိုင်ငံခြားငွေရတဲ့ Source (ရင်းမြစ်) က နည်းနေတတ်တယ်။ ဒီအချိန်မှာ စိုက်ပျိုးဖို့အတွက်က နိုင်ငံခြားငွေ သုံးရတဲ့အချိန် ဖြစ်တယ်။ ပြောရရင် Input နည်းတဲ့ အချိန်မှာ Output ပိုများနေတဲ့ အချိန်မျိုးပေါ့” ဟု MPU အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဆိုသည်။
ထို့အပြင် ယခုနှစ်ဆန်းပိုင်းက လောက်ကိုင်ဒေသတွင် စစ်ပွဲများ ဖြစ်ပွားခြင်းကြောင့် တရားမဝင် ငွေကြေးစီးဝင်မှုများ လျော့နည်းခြင်းမှာလည်း အချက်တစ်ချက် ဖြစ်ကြောင်း အမည်မဖော်လိုသူ ဘဏ်လုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။
“အဲဒီဘက်ကဝင်တဲ့ ပမာဏ အရမ်းကြီးတယ်လေ” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် တရားဝင် ငွေကြေးဈေးကွက်နှင့် ပြင်ပဈေးကွက် နှိုင်းယှဉ်ပါက ပြင်ပတွင် လည်ပတ်နေသည့် နိုင်ငံခြားငွေကြေးမှာ ပိုမိုပမာဏ များပြားကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အမှန်ငွေလဲနှုန်းမှာ ကြီးကြီးမားမား မပြောင်းလဲသော်လည်း ကျပ်ငွေတန်ဖိုးမှာ သိသိသာသာ ကျဆင်းလာကြောင်း၊ ငွေလဲနှုန်းဆိုင်ရာ မျှော်လင့်ချက်များကို တည်ငြိမ်မှုရစေရန် ပိုမိုတင်းကျပ်သည့် ငွေကြေးနှင့် ဘတ်ဂျက်ဆိုင်ရာ မူဝါဒများ မရှိမဖြစ်လိုအပ်ကြောင်း ဇွန်လအတွင်းက ပြည်တွင်း၌ အစိုးရ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ Article IV ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေလဲနှုန်းမြင့်တက်မှုကို ထိန်းညှိနိုင်ရေးအတွက် ပြည်တွင်းငွေပေးချေမှုများကို ကျပ်ငွေသုံးရန် ညွှန်ကြားခဲ့သော်လည်း ဈေးများ ကျပ် ၁၃၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သောကြောင့် ဇွန်လလယ်တွင် စားအုန်းဆီ၊ စက်သုံးဆီနှင့် ဘိလပ်မြေ သွင်းကုန်သမားများကို ဘဏ်များမှတစ်ဆင့် ဒေါ်လာပြန်ထုတ် ရောင်းပေးခဲ့သည်။
ထိုသို့ ထုတ်ရောင်းပြီးနောက် ဈေးများ တစ်ဒေါ်လာလျှင် ၁၁၆၅ ကျပ်အထိ ကျဆင်းခဲ့သော်လည်း ဇူလိုင်လဆန်းတွင် ပြန်မြင့်တက်လာခြင်း ဖြစ်သည်။
ဇူလိုင် ၉ ရက်တွင် အမေရိကန်ဒေါ်လာ နှုန်းထားများမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားမှာ ၁၁၂၅ ကျပ်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များတွင် ဝယ်ဈေး ၁၁၃၁ ကျပ်၊ ရောင်းဈေး ၁၁၃၄ ကျပ်ဖြစ်ကာ ပြင်ပဈေးကွက်တွင်မူ တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၂၁၂ ကျပ်၊ ရောင်းဈေး ၁၂၂၀ ကျပ်အထိ ပေါက်ဈေးရှိသည်။
Credit to >>>The Voice 

0 comments:

Post a Comment