Monday, July 13, 2015

တာမွေဗလီအနီးတွင် ရဲအယောင်ဆောင်ကာ ပြန်ပေးဆွဲသူမျာကို ဖမ်းမိ

တာမွေမြို့နယ် တာမွေဗလီအနီးတွင် ဇူလိုင်လ ၁၂ ရက် နံနက် ၂ နာရီက အသက် ၂၉ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ပေးဆွဲခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဇူလိုင်လ ၁၀ ရက် ည ၉ နာရီခွဲက တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၆ လမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးမှာ နေအိမ်သို့ ပြန်လာစဉ် တာမွေပလာဇာရှေ့၌ အမျိုးသားသုံးဦးက ဝိုင်းဝန်းချုပ်နှောင်ကာ ၎င်းတို့အဖွဲ့မှာ မူးယစ်ရဲများဖြစ်ကြောင်း ပြောဆိုပြီး လက်ထိတ်ခတ်ပြီး အငှားယာဉ်ပေါ် တက်ခိုင်းကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဘက်သို့ ခေါ်ဆောင်ခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်မြက ပြောကြားသည်။
“မူးယစ်မှုနဲ့ စစ်ဆေးစရာရှိတယ် ဆိုပြီး လက်ထိတ်ခတ် ကားပေါ်တင်သွားတာ၊ ဖမ်းလာတဲ့သူကို ပြန်လွတ်ချင်ရင် ငွေပေးရမယ် ပြောတယ်၊ ဖမ်းခံရသူက မိသားစုဆီ ဖုန်းဆက်ပြီး ငွေ သိန်း ၂၀ လာပေးခိုင်းမှ ပြန်လွှတ်ပေးလိုက်တာ၊ ပြန်လွတ်လာသူက ရဲတပ်ဖွဲ့ကို လာတိုင်လို့ မသင်္ကာသူတွေကို စုံစမ်းရာကနေ သုံးယောက်ကို ဖမ်းမိခဲ့တယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“သူတို့အဖွဲ့က ငါးယောက်၊ ဖမ်းလာတဲ့လူကို ငွေသိန်း ၄၀ မပေးရင် အသက်အာမခံချက် မရှိဘူးလို့ ပြောလို့ ဖမ်းခံရသူက သူ့မှာငွေမရှိကြောင်း ပြောပြတယ်၊ ည ၁၂ နာရီထိုးလို့မှ ငွေမရရင် မင်းကံပဲဆိုတော့ ဖမ်းခံရသူက အိမ်မှာ သိန်း ၂၀ တော့ ရှိတယ်၊ ဖုန်းဆက်ပြီး မိန်းမဆီက တောင်းပေးမယ်လို့ ပြောတော့ သူတို့အဖွဲ့က လက်ခံပြီး ဖုန်းဆက်ခွင့်ပြုခဲ့တယ်၊ ငွေတွေကို သုဝဏ္ဏ ဘောလုံးကွင်းထိပ်က အသင်းတိုက် ကားမှတ်တိုင်မှာ လာပေးဖို့ သူတို့အဖွဲ့နဲ့ ချိတ်ဆက်ပေးခဲ့ပြီး ငွေရတော့မှ ဖမ်းထားသူကို ပြန်လွှတ်ပေးခဲ့တာ” ဟု ပြန်ပေးဆွဲခံရသူ မိသားစုနှင့် ရင်းနှီးသူ အမျိုးသားတစ်ဦးက ပြောကြားသည်။
ရဲအယောင်ဆောင်ကာ ပြန်ပေးဆွဲခဲ့သော အဖွဲ့ကို ဖော်ထုတ်အရေးယူပေးရန် ပြန်ပေးဆွဲခံရသူ မိသားစုက ညတွင်းချင်း တိုင်ကြားခဲ့သဖြင့် မသင်္ကာသူများကို စုံစမ်းရာမှ တာမွေမြို့နယ်တွင် နေထိုင်သော အသက် ၃၀ ဝန်းကျင်ရှိ အောင်မင်းခန့်ကို ဖမ်းမိခဲ့ကြောင်း၊ ယင်းနောက် ဆက်လက်စုံစမ်းရာမှ ဉာဏ်လင်းရှိန်နှင့် အောင်ကိုကိုဦးတို့ကို ထပ်ဖမ်းမိခဲ့ပြီး ကျန်အမျိုးသားနှစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ယင်းအုပ်စုဖွဲ့ ရဲအယောင်ဆောင်ကာ ပြန်ပေးဆွဲသူများမှ ဖမ်းမိသူသုံးဦးနှင့် လွတ်မြောက်နေသူ နှစ်ဦးကို (ပ) ၈၈၀/ ၁၅၊ ပုဒ်မ ၃၈၆/ ၁၇၀ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်နေကြောင်း တာမွေမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမို့ ရဲအယောင်ဆောင် ပြန်ပေးဆွဲ ခြိမ်းခြောက်ငွေတောင်းယူမှု ကျူးလွန်တာလို့ ယူဆခဲ့တယ်၊ ဒါကြောင့် တာမွေမြို့နယ်ထဲမှာ ရဲတပ်ဖွဲ့ကို မူးယစ်မှုနဲ့ ပတ်သက်ပြီး သတင်းပေးခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာက ကျန်ပြစ်မှုကျူးလွန်သူတွေထဲက နှစ်ယောက်နဲ့ ငွေလေးသိန်းကို သိမ်းဆည်းနိုင်ခဲ့တယ်၊ ပြန်ပေးဆွဲခံရသူက ယခင်က မူးယစ်ဆေးဝါး သုံးစွဲဖူးပြီး ဖြတ်တောက်နေသူ ဖြစ်တာကို သူတို့အဖွဲ့က သိနေတာကြောင့် အားနည်းချက်ကို နင်းပြီး ရဲအယောင်ဆောင် ငွေညှစ်ခြိမ်းခြောက်ခဲ့တာ” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Credit to >>> The Voice

0 comments:

Post a Comment