Tuesday, January 13, 2015

ခရိုအေးရှား၏ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာသည့် ကီတာရိုဗစ်


အတိုက်အခံ ခေါင်းဆောင် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ကိုလင်ဒါ ဂရာဘာ ကီတာရိုဗစ်သည် ခရိုအေးရှား နိုင်ငံသမိုင်းတွင် ပထမဆုံးသော အမျိုးသမီး သမ္မတ ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။
မဲအရေအတွက် (၉၉)ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် သူမသည် စုစုပေါင်း ထောက်ခံမဲ (၅၀.၅)ရာခိုင်နှုန်း ရရှိခဲ့သည်။ လက်ရှိ သမ္မတ အိုင်ဗို ဂျိုဆီပိုဗစ်သည် မဲအရေအတွက် (၄၉.၅)ရာခိုင်နှုန်း ရရှိခဲ့ရာ ၎င်းတို့နှစ်ဦး၏ ယှဉ်ပြိုင်မှုသည် အကြိတ်အနယ် ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။

သမ္မတ ဂျိုဆီပိုဗစ်က မိမိသည် ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ပြီဖြစ်ကြောင်း ဝန်ခံပြီး ကီတာရိုဗစ်ကို ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ဂျိုဆီပိုဗစ် အနိုင်ရခြင်းကြောင့် ခရိုအေးရှား ဗဟိုလက်ဝဲယိမ်း နိုင်ငံရေးသမားများ အနေဖြင့် လက်ယာယိမ်း အဖွဲ့များကို (၆)နှစ်ကြာမျှ အရေးနိမ့်နေသည့် အခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့သည်။
ယခုရွေးကောက်ပွဲသည် (၂၀၁၅)ခုနှစ် အကုန်တွင် ကျင်းပမည့် လွှတ်တော်တွင်း ရွေးကောက်ပွဲများ အတွက်လည်း အဓိက ဆန်းစစ်မှုတစ်ခု ဖြစ်လာသည်။
ကီတာရိုဗစ်သည် ကွန်ဆာဗေးတစ် ပါတီအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ခရိုအေးရှား ဒီမိုကရက်တစ် ယူနီယံ၏ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။ အသက်(၄၆)နှစ်ရှိ သမ္မတသစ်သည် ယခင်က နိုင်ငံခြားရေး ဝန်ကြီးတာဝန်နှင့် NATO မဟာမိတ် တပ်ဖွဲ့၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။
လက်ရှိသမ္မတ ဂျိုဆီပိုဗစ်သည် (၂၀၁၀)ပြည့်နှစ် ရွေးကောက်ပွဲတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း လက်ဝဲယိမ်း အလယ်အလတ် နိုင်ငံရေးသမားများ၏ ထောက်ခံမှု လျော့ကျလာခြင်းနှင့် သမ္မတ သက်တမ်းကို (၆)နှစ်အထိ မြှင့်တင် သတ်မှတ်ရန် ကြိုးပမ်းမှု မအောင်မြင်ခြင်းများကြောင့် ကီတာရိုဗစ်၏ အနိုင်ယူမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
Credit to>>>7Day News

0 comments:

Post a Comment