ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဟောလိဝုဒ် ဝါရင့်ဟာသ သရုပ်ဆောင် မင်းသားကြီး ရော်ဘင်ဝီလျံစ်သည် ပါကင်ဆန် ရောဂါကို အစပြု ခံစားနေရပြီ ဖြစ်ကြောင်း ဇနီးဖြစ်သူက ဝန်ခံ ပြောကြားလိုက်သည်။
ပရိသတ် ချစ်ခင်အားပေးမှုကို အထူးခံယူခဲ့ရသည့် ဝီလျံစ်သည် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် အသက်(၆၃)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ယခုသီတင်းပတ် အစောပိုင်းက ထွက်ပေါ်လာသည့် ဝီလျံစ်၏ နာရေးသတင်းသည် ဟောလိဝုဒ် တစ်ဝန်းကို တုန်လှုပ်သွားစေခဲ့သည်။
ဝီလျံစ်သည် စိတ်ဖိစီးမှုများအတွက် ကုသမှု ခံယူနေရသူဖြစ်ပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ဩဂုတ်(၁၄)ရက်တွင်မူ ၎င်း၏ ဇနီးဖြစ်သူ ဆူဆန် ရှနိုက်ဒါက မိမိ၏ ခင်ပွန်းသည် ပါကင်ဆန် (အာရုံကြောစနစ် ယုတ်လျော့ ဖရိုဖရဲဖြစ်သည့်) ရောဂါကို စတင်ခံစားနေရရှာကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ကျွန်မတို့ မျှော်လင့်တာက ရော်ဘင်ရဲ့ ကြေကွဲစရာ ဖြစ်ရပ်ကို သင်ခန်းစာယူ ဖြတ်သန်းဖို့ပါပဲ။ ကူညီအားပေးဖို့ လိုအပ်နေသူတွေကို ကျွန်မတို့ အမှန်တကယ် ကူညီပေးသွားဖို့ လိုပါတယ်။ ဒါမှသာ အခက်အခဲတွေ ရင်ဆိုင်နေရသူတွေဟာ ကြုံတွေ့သမျှကို ပိုပြီး သတ္တိရှိရှိနဲ့ ရင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်”ဟု ရှနိုက်ဒါက ဆိုသည်။
သူမက “ရော်ဘင်ဟာ စိတ်ဖိစီးမှု အခြေအနေတွေနဲ့ ရုန်းကန် တိုက်ပွဲဝင်ခဲ့ရပေမယ့် သူရဲ့ ပင်ကိုတည်ငြိမ် အေးဆေးမှုဟာ ပကတိအတိုင်း တည်မြဲနေခဲ့ပါသေးတယ်။ ပါကင်ဆန်ရောဂါ ကနဦးအဆင့် ခံစားနေရပြီ ဆိုတဲ့အချိန်မှာ ပူပင်သောကတွေ ရှိလာခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ လူသိရှင်ကြား ထုတ်ပြန်ကြေညာဖို့ သူအဆင်သင့် မဖြစ်ခဲ့သေးပါဘူး”ဟုလည်း ပြောကြားခဲ့သည်။
ရှနိုက်ဒါက “ရော်ဘင်ဟာ တခြားသူတွေအတွက် အထောက်အကူ ပေးနိုင်ဖို့ သူ့ဘဝ အချိန်တွေ အများကြီးကို ပေးဆပ်ခဲ့တာပါ။ စင်မြင့်ထက်မှာ၊ ရုပ်ရှင်ထဲမှာ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေမှာ သူဟာ အကြိမ်ပေါင်းများစွာ ဖျော်ဖြေခဲ့တယ်။ ရှေ့တန်း စစ်မျက်နှာမှာ စစ်သည်တွေကို သွားတွေ့ဆုံ အားပေးခဲ့တယ်။ နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေကို ပျော်ရွှင်စေခဲ့တယ်။ သူက လူတိုင်းကို ပျော်ရွှင်ရယ်မော နေစေချင်တယ်။ ကြောက်ရွံ့ စိုးရိမ်မှု ကင်းစင် နေစေချင်တယ်။ သူကွယ်လွန်သွားပေမယ့် သူနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ လွှမ်းမိုးမှုတွေ၊ ဂုဏ်ယူမှုတွေက ကျွန်မတို့ကို လွှမ်းခြုံ ကျန်ရစ်နေမှာပါ”ဟုလည်း ဆိုသည်။
သူမက “သူ့ကလေး (၃)ယောက်အပြင် သူချန်ထားခဲ့တဲ့ အခမ်းနားဆုံး အမွေကတော့ တခြားသူတွေကို သူပေးစွမ်းခဲ့တဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှုတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေး အခက်အခဲတွေနဲ့ ရုန်းကန်နေရသူတွေကို သူက အများကြီး ကူညီပေးခဲ့ပါတယ်”ဟုလည်း အမှတ်တရ ပြောကြားသွားခဲ့သည်။
_Ref: Channelnewsasia
.jpg)
0 comments:
Post a Comment