ဟောလိဝုဒ်၏ တစ်နှစ်တာအတွင်း ဝင်ငွေအမြင့်မားဆုံး မင်းသမီးအဖြစ် ဆန်ဒရာဘူးလော့ခ်က ရပ်တည်ခဲ့ကြောင်း သိရှိရသည်။
Forbes မဂ္ဂဇင်းက (၂၀၁၃)ခုနှစ်၊ ဇွန်လမှ (၂၀၁၄)ခုနှစ် ဇွန်လအထိ တစ်နှစ်တာ အတောအတွင်း ဟောလိဝုဒ် မင်းသမီးများ၏ ဝင်ငွေအရပ်ရပ်ကို စုစည်းတွက်ချက် ဖော်ပြခဲ့ရာ အသက်(၅၀)အရွယ် မင်းသမီးက ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ ဘူးလော့ခ်သည် အော်စကာဆုများ ရရှိခဲ့သည့် Gravity ဇာတ်ကား၏ အောင်မြင်မှု အရှိန်ကြောင့် ဝင်ငွေအများအပြား ရရှိခဲ့ခြင်းဟု Forbesက ဆိုသည်။
Hunger Games ဇာတ်ကားများဖြင့် အောင်မြင်မှု ရရှိခဲ့သည့် လူငယ်မင်းသမီး ဂျနီဖာလောရင့်စ်ကမူ ဒေါ်လာ (၃၄)သန်းမျှထိ ဝင်ငွေရရှိပြီး Forbes၏ စာရင်းတွင် ဒုတိယနေရာ ရရှိခဲ့သည်။ တတိယ နေရာတွင်မူ ဂျနီဖာ အနစ္စတန်က ဒေါ်လာ(၃၁)သန်း ဝင်ငွေပမာဏဖြင့် ရပ်တည်နေသည်။
Iron Man 3 ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသမီး ဂွင်းနက်သ်ပက်ထရိုကမူ ဒေါ်လာ (၁၉)သန်းဖြင့် စတုတ္ထ ရခဲ့ပြီး အန်ဂျလီနာဂျိုလီနှင့် ကင်မရွန်ဒိုင်ယက်ဇ်တို့က ဒေါ်လာ(၁၈)သန်းစီဖြင့် ပူးတွဲ ပဉ္စမနေရာတွင် ရှိနေခဲ့သည်။ သူမတို့၏ နောက်တွင်မူ စကားလက်ဂျိုဟန်ဆန်၊ အေမီအဒမ်စ်၊ နာတာလီပို့တ်မန်း၊ ခရစ္စတန်စတီးဝပ်တို့က ထိပ်ဆုံး(၁၀)ဦး စာရင်းတွင် ပါဝင်လာခဲ့ကြသည်။
ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဟောလိဝုဒ်၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်မင်းသမီး (၁၀)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဆန်ဒရာဘူးလော့ခ် … ဒေါ်လာ(၅၁)သန်း
၂။ ဂျနီဖာလောရင့်စ် … ဒေါ်လာ(၃၄)သန်း
၃။ ဂျနီဖာအနစ္စတန် … ဒေါ်လာ(၃၁)သန်း
၎။ ဂွင်းနက်သ်ပက်ထရို … ဒေါ်လာ(၁၉)သန်း
၅။ အန်ဂျလီနာဂျိုလီ … ဒေါ်လာ(၁၈)သန်း
၅။ ကင်မရွန်ဒီယက်ဇ် … ဒေါ်လာ(၁၈)သန်း
၇။ စကားလက်ဂျိုဟန်ဆန် … ဒေါ်လာ(၁၇)သန်း
၈။ အေမီအဒမ်စ် … ဒေါ်လာ(၁၃)သန်း
၈။ နာတာလီပို့တ်မန်း … ဒေါ်လာ(၁၃)သန်း
၁၀။ ခရစ္စတန်စတီးဝပ် … ဒေါ်လာ(၁၂)သန်း
_Ref: Channelnewsasia

0 comments:
Post a Comment