မီဒီယာလွတ်လပ်ခွင့် ထိခိုက်စေနိုင်သော ဥပဒေများ အပါအဝင် ခေတ်မမီတော့သည့် ဥပဒေများ ပြန်လည် ပြင်ဆင်ပေးရေးအတွက် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များနှင့် မီဒီယာမဏ္ဍိုင်တို့ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် စာရေးဆရာ ဦးဖေမြင့်က ပြောကြားသည်။
လာမည့် လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုများကို အစိုးရဘက်က ဥပဒေနှင့်အညီ အမြန်ဆောင်ရွက်ပေးနိုင်ရေး အဆိုတင်သွင်းရန်အတွက် သြဂုတ် ၂၈ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်မြို့တော်ရှိ Capacity Development စင်တာတွင် ပြုလုပ်သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သတင်းမီဒီယာသမားများထံမှ အကြံဉာဏ် အချက်အလက် တောင်းခံသည့် ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဥပဒေကို သုံးသပ်သလို အဲဒီဥပဒေကို ပြန်ပြီးတော့ အရေးယူ ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးပိုင်းက လုပ်တဲ့အခါမှာ လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေ၊ လုပ်နည်းစနစ်တွေ တရားရုံး ရောက်တဲ့အခါ စစ်ဆေးစီရင်တဲ့ဟာတွေ အဲဒါတွေကို အကုန်လုံး သုံးသပ်ပြီးတော့ ပြန်လည်ပြင်ဆင်အောင် ညှိနှိုင်းဖို့ လုပ်တာပါ” ဟု ဦးဖေမြင့်က ဆက်လက်ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူ ခြောက်ဦးခန့် တက်ရောက်သွားမည် ဖြစ်ပြီး အုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ထက် မနိမ့်သည့် ပုဂ္ဂိုလ်များ တက်ရောက်မည် ဖြစ်ကာ ပြည်ထောင်စုဝန်ကြီး အဆင့် ပုဂ္ဂိုလ်များလည်း တက်ရောက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
အုပ်ချုပ်ရေးပိုင်းက မီဒီယာသမားများကို တရားစွဲဆိုမှုများနှင့် ပတ်သက်၍ ပြင်ဆင်ရန် လိုအပ်သည့် တည်ဆဲဥပဒေ အချို့က ပြန်လည်ပြင်ဆင်ပေးရန်နှင့် နှစ်ဖက်သဘောထား အမြင်များ တွေ့ဆုံဆွေးနွေးရန် သြဂုတ်လဆန်းပိုင်းက နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် သဘောတူခဲ့ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က အတည်ပြု ပြောဆိုသည်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သည် စက်တင်ဘာ ၁၃ ရက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပြီး မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သော ခေတ်မမီတော့သည့် ဥပဒေများကို ပြန်လည် ပြင်ဆင်ပေးရန် သဘောတူညီခဲ့သည်။
The Voice Weekly

0 comments:
Post a Comment