Tuesday, August 5, 2014

အီဘိုလာရောဂါ တိုက်ဖျက်ရေး ဒေါ်လာသန်း(၂၀၀) ထောက်ပံ့ရန် ကမ္ဘာ့ဘဏ် သဘောတူ


အီဘိုလာ ရောဂါ ကူးစက်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေသည့် အနောက်အာဖရိက နိုင်ငံများကို ဒေါ်လာ သန်း(၂၀၀) ထောက်ပံ့သွားမည်ဟု ကမ္ဘာ့ဘဏ်က ကြေညာခဲ့သည်။

လိုက်ဘေးရီးယား၊ ဆီအာရာလီယွန်နှင့် ဂီနီရာ နိုင်ငံများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ထံသို့ အဆိုပါ ထောက်ပံ့ငွေကြေးများကို ခွဲဝေပေးသွားမည် ဖြစ်သည်။ WHO ၏ အဆိုအရ အီဘိုလာ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၈၈၇)ဦးထိ ရှိလာပြီဟု သိရှိရသည်။

ဝါရှင်တန်တွင် အာဖရိကနိုင်ငံ ခေါင်းဆောင် (၃၅)ဦး တက်ရောက်သည့် ညီလာခံ၌ အဆိုပါ ပြဿနာကို ဆွေးနွေးခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်က ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်မ်ယွန်ကင်မ်က ထောက်ပံ့ငွေများသည် အာဖရိက သုံးနိုင်ငံ၏ အားနည်းသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

“အီဘိုလာရဲ့ ပျံ့နှံ့ ကူးစက်မှုကို ကျွန်တော်တို့ ထိထိရောက်ရောက် မထိန်းချုပ်နိုင်လို့ နောက်ထပ် အသက်ပေါင်းများစွာ ဆုံးရှုံးသွားမှာမျိုးကို ကျွန်တော် အရမ်းစိုးရိမ်ပါတယ်”ဟု ယွန်ကင်မ်က ဆိုသည်။ ဒေါ်လာသန်း (၂၀၀)တန် ထောက်ပံ့ကြေးများအတွက် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာ ဘုတ်အဖွဲ့ထံမှ အတည်ပြုချက် ရရှိရန်သာ လိုတော့ပြီး ယခုသီတင်းပတ် အစောပိုင်းတွင်ပင် အပြီးသတ် အောင်မြင်လိမ့်မည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက မှတ်ချက်ပြုထားသည်။

ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့တို့၏ စီးပွားရေး သုတေသန အဖွဲ့များက အီဘိုလာ ကူးစက်ရောဂါကြောင့် ဂီနီရာ၏ ယခုနှစ် စီးပွားရေး ကဏ္ဍသည် သိသာသော အခြေအနေ တစ်ရပ်ထိ ဆုတ်ယုတ် ကျဆင်းမည်ဟု အစောပိုင်းက ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။

_Ref: BBC

0 comments:

Post a Comment