တရုတ်-မြောက်ကိုရီးယား နယ်စပ်တစ်နေရာကို တွေ့ရစဉ်
တရုတ်အာဏာပိုင်များသည် သူလျှိုအဖြစ် မသင်္ကာသည့် ကနေဒါ စုံတွဲတစ်တွဲကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
Xinhua သတင်းဌာနက အဆိုပါ ဇနီးမောင်နှံမှာ ကီဗင်ဂါရတ်နှင့် ဂျူလီယာ ဂါရတ်တို့ ဖြစ်ကြကြောင်း ဖော်ပြခဲ့သည်။ ယင်းတို့နှစ်ဦးသည် အမျိုးသား ကာကွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များ အပါအဝင် နိုင်ငံတော် လုံခြုံရေး လျှို့ဝှက်ချက်များကို ခိုးယူရန် ကြိုးစားခဲ့သည်ဟု ယူဆရကြောင်း Xinhua က ဆိုသည်။
ဖမ်းဆီးခံရသူ နှစ်ဦးသည် မြောက်ကိုရီးယားနှင့် နယ်နိမိတ်အနီး ဒန်ဒေါင်းတွင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသူများ ဖြစ်ကြောင်း ကနေဒါထုတ် Globe and Mail သတင်းစာက ဖော်ပြခဲ့သည်။ ယင်းစုံတွဲသည် တရုတ်နိုင်ငံ တောင်ပိုင်းသို့ စတင်ရောက်ရှိလာပြီး (၂၀၀၈)ခုနှစ်တွင် ဒန်ဒေါင်းသို့ ပြောင်းရွှေ့ကာ Peter’s Coffee House ကို ဖွင့်လှစ်ခဲ့ခြင်းဟု သိရသည်။
Xinhua သတင်းဌာနက အဆိုပါ စုံတွဲကို မည်သည့်နေရာတွင် ဖမ်းဆီးခဲ့ခြင်း ဆိုသည်ကိုမူ တိတိကျကျ ဖော်ပြမထားချေ။ BBC သတင်းဌာနက ကော်ဖီဆိုင်သို့ ဆက်သွယ်ခဲ့သော်လည်း ဖြေကြားမှုမရှိခဲ့ဟု ဆိုသည်။ ဒန်ဒေါင်းသည် တရုတ်-မြောက်ကိုရီးယား ကုန်သွယ်ရေးကဏ္ဍတွင် အဓိက အချက်အခြာ ဒေသတစ်ခု ဖြစ်သည်။
ဘေဂျင်းရှိ ကနေဒါ သံရုံးက Xinhua ၏ သတင်းနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းနေပြီး မိမိတို့နိုင်ငံသားများအတွက် လိုအပ်သော အကူအညီများ ပေးအပ်ရန် အသင့်ပြင်ထားကြောင်း Rueters သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ကနေဒါက အစိုးရ၏ သုတေသန အဖွဲ့အစည်းတစ်ခုကို တရုတ်အစိုးရ ထောက်ပံ့ထားသည့် Hacker များက ထိုးဖောက်တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အော့တာဝါ အခြေစိုက် တရုတ်သံရုံးက ယင်းစွပ်စွဲမှုသည် အခြေအမြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။
_Ref: BBC

0 comments:
Post a Comment