Friday, August 15, 2014

ဒုံးကျည်စမ်းသပ်မှုများသည် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်နှင့် မပတ်သက်ဟု မြောက်ကိုရီးယားဖြေရှင်း


ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများသည် တောင်ကိုရီးယားသို့ ပုပ်ရဟန်းမင်းကြီး လာရောက် လည်ပတ်မှုကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း မြောက်ကိုရီးယားက ဖြေရှင်းခဲ့သည်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အမြတ် ပုဂ္ဂိုလ်ကြီးဖြစ်သည့် ပုပ်ရဟန်းမင်း ဖရန်ဆစ်သည် အာရှတိုက်သို့ သမိုင်းဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်တွင် ဩဂုတ်(၁၄)ရက်နေ့က မြောက်ကိုရီးယား နိုင်ငံတွင် ဒုံးကျည် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား၏ တာတိုဒုံးကျည် ငါးစင်းသည် အရှေ့ဘက် ဂျပန်ပင်လယ်ထဲ ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ကြေညာသည်။

သို့သော်လည်း မြောက်ကိုရီးယား အာဏာပိုင်များက မိမိတို့၏ ဒုံးကျည်စမ်းသပ်မှုသည် ပုပ်ရဟန်းမင်းကြီး၏ (၅)ရက်ကြာ ခရီးစဉ်နှင့် မပတ်သက်ဘဲ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးတွဲစီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့် ရည်ရွယ်ချက်သာဖြစ်ကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းသည် ဒုံးကျည်စမ်းသပ်မှုများကို ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်းလည်း အတည်ပြုခဲ့သည်။ အဆိုပါ ဒုံးကျည်စမ်းသပ်မှုများသည် ကိုရီးယားကျွန်းဆွယ် ဂျပန်လက်အောက်မှ လွတ်မြောက်လာသည့် (၄၅)နှစ်ပြည့် အထိမ်းအမှတ်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။

ဩဂုတ်(၁၄)ရက်က ပုပ်ရဟန်းမင်းကြီး စီးနင်းလိုက်ပါလာသည့် လေယာဉ် တောင်ကိုရီးယားသို့ မဆိုက်ရောက်မီတွင် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်သုံးစင်း ပစ်ခတ်ခဲ့ပြီး ထိုနေ့ညနေပိုင်းတွင် နောက်ထပ် ဒုံးကျည်နှစ်စင်း စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားတွင် အဆင့်မြင့် ပဲ့ထိန်းဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း တိကျသည့် အထောက်အထား မရှိသော်လည်း အစိုးရက ထုတ်ပြန်သည့် ဝါဒဖြန့် ဗီဒီယိုများတွင် ပါရှိသော ပုံရိပ်များအရ ရုရှားလုပ် KH-35 ဒုံးကျည်များကို အခြေခံ တည်ဆောက်ထားသည့် လက်နက်များ ရှိနေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ အမေရိကန်က ဩဂုတ် (၁၄)ရက် ဒုံးကျည်ပစ်ခတ်မှုများသည် ကုလသမဂ္ဂ၏ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲခဲ့သော်လည်း မြောက်ကိုရီးယားက မိမိတို့သည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ရန်စမှုအတွက် မိမိကိုယ်ကိုယ် ကာကွယ်ရန် လေ့ကျင့်ပြင်ဆင်ခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

_Ref: Channelnewsasia

0 comments:

Post a Comment