Tuesday, July 1, 2014

ပုဂ္ဂလိကတက္ကသိုလ်များ နိုင်ငံပိုင်တက္ကသိုလ်များ၏ သင်ရိုးနှင့် တစ်ပြေးညီ ပြဋ္ဌာန်းရမည်


ပြည်တွင်း၌ဖွင့်လှစ်ထားသည့် နိုင်ငံတကာ ပုဂ္ဂလိကတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများအား
နိုင်ငံပိုင်တက္ကသိုလ် သင်ရိုးညွှန်းတမ်းများနှင့် တစ်ပြေးညီ ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း အဆင့်မြင့်
ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

အမျိုးသားပညာရေးဥပဒေ ထွက်ရှိလာပါက အဆိုပါပုဂ္ဂလိကကျောင်းများ၏ သင်ရိုးများအား
နိုင်ငံပိုင်တက္ကသိုလ်များတွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့် တစ်ပြေးညီပြဋ္ဌာန်း ရမည်ဖြစ်ပြီး
လက်ရှိတွင် ပုဂ္ဂလိကတက္ကသိုလ်များအနေဖြင့် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်း မာတိကာများ
ရေးဆွဲကာ နိုင်ငံတကာကျောင်းများနှင့် ချိတ်ဆက်သင်ကြားလျက်ရှိသည်။

"ပုဂ္ဂလိကကျောင်းတွေနဲ့ ဒို့ဆီက တက္ကသိုလ်တွေရဲ့ပြဋ္ဌာန်းချက်တွေ တူညီနေရမယ်။ တခြားနိုင်ငံ
တွေမှာလည်း ဒီလိုပဲ။ အမျိုးသားပညာရေး ဥပဒေထဲမှာလည်းပါ မယ်။ သင်ရိုးကတစ်ပြေးညီ
ဖြစ်ရမယ်ဆိုပြီး အဆင့်နိမ့်နေမှာတော့ မဟုတ်ဘူး။ သူတို့ မသင်နိုင်ဘူးဆိုရင် အဲဒီလိုကျောင်းတွေ
ကို အသိအမှတ်ပြုလို့ မရနိုင်ဘူး။ ကျောင်းတွေမှာ သူ့သင်ရိုးနဲ့သူ သင်နေရင်တော့ ဘယ်ကျောင်း
က ပိုကောင်းမလဲဆိုတာ မသိနိုင်ဘူး။ ဒီနိုင်ငံက သင်ရိုးနဲ့သင်မယ်ဆိုရင် ကောင်စီနဲ့အရင်ညှိရမယ်"
ဟု ၎င်းအဆင့်မြင့်အရာရှိက ပြောသည်။

ထိုကဲ့သို့ သင်ရိုးညွှန်းတမ်းများတစ်ပြေး ညီဖြစ်နိုင်စေရန် ပညာရေးမြှင့်တင်မှု
အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့က သင်ရိုးညွှန်းတမ်းဆိုင်ရာ လိုအပ်ချက်များကို
ရေးဆွဲလျက်ရှိရာ ၎င်းပုဂ္ဂလိက တက္ကသိုလ်များ၏ သင်ရိုးများအား စစ်ဆေးကာ
အတည်ပြုသွားမည်ဟု ၎င်းကပြောသည်။

"သူတို့တက္ကသိုလ်တွေအတွက် လိုင်စင်တင်တာတွေကအစ ပြောင်းလဲသွားမယ်။ နောက်ပြီး
အခုအခြေခံကဏ္ဍအတွက် ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ လိုမျိုးဖြစ်သွားနိုင်
မယ်။ ကိုယ်ပိုင်ကျောင်းတွေမှာ အစိုးရကပြဋ္ဌာန်းတဲ့ သင်ရိုးတွေအတိုင်းပဲ သင်ကြရတယ်။
ကိုယ်ပိုင်ကျောင်းဆိုပြီး ပြောင်းသင်လို့လည်း မရဘူး။ ကိုယ့်သင်ရိုးအတိုင်း သင်မယ်ဆိုရင်
ဥပဒေထဲမှာပါတဲ့အတိုင်း တရားစွဲတာတို့၊ ပြစ်ဒဏ်ချတာတို့ လုပ်ရမှာ။ ကိုယ်ပိုင်ကျောင်းတွေကို
စစ်ဆေးပြီး သတ်မှတ်စည်းကမ်းနဲ့မညီရင် အရေးယူသလိုမျိုး အရေးယူမှာ" ဟု ၎င်းကပြောသည်။

၎င်းပုဂ္ဂလိကတက္ကသိုလ်များသည် တရားဝင်အသိအမှတ်ပြုကျောင်းများ ဖြစ်လာနိုင်ရန်
သင်ခန်းစာများနှင့် သင်ရိုးများအား တစ်ပြေးညီသင်ကြားပေးနိုင်ရမည် ဖြစ်သည်။

သင်ကြားပေးနိုင်ခြင်းမရှိသည့်ကျောင်းများအား အရေးယူနိုင်ရန်အတွက် ဥပဒေထဲတွင်
ထည့်သွင်းရေးဆွဲထားသည်။

ပြည်တွင်း၌ လက်ရှိဖွင့်လှစ်ထားသည့် ပုဂ္ဂလိကတက္ကသိုလ် ၁၀ ကျော်ရှိနေပြီး တစ်ပြေးညီ
သင်ရိုးညွှန်းတမ်းများ ပြဋ္ဌာန်းမည်ဆိုပါက ဥပဒေအတိုင်းသာ လက်ခံသွားမည်ဖြစ်ကြောင်း
သိရသည်။

တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်များ လိုလားလျက်ရှိရာ
"ဒီနိုင်ငံမှာ ဒီကျောင်းဖွင့်တဲ့အတွက် ဒီကဥပဒေအတိုင်း လိုက်နာမှာပါ။ သင်ရိုးညွှန်းတမ်းတွေ
အဆင့်နိမ့်နေလို့တော့ မဖြစ်ဘူး။ သင်ရိုးညွှန်းတမ်းညံ့ရင် ကျောင်းသားတွေအတွက်
တကယ်မထိရောက်တဲ့အတွက် အကျိုးမရှိဘူး" ဟု ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့်
ဗစ်တိုးရီးယားကောလိပ်မှ ဒေါက်တာနေ၀င်းနိုင်က ပြောသည်။

မြန်မာတိုင်း(မ်)

0 comments:

Post a Comment