Thursday, July 3, 2014

တရုတ်နိုင်ငံခရီးစဉ်အတွင်း ထီးတော်တင်ပွဲတွင် သမ္မတဖိနပ်စီးခြင်းမှာ စေတီရင်ပြင်တွင် မဟုတ်ဟုဆို


တရုတ်နိုင်ငံ၊ လော့ရန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတော်တင်လှူပွဲ စိန်ဖူးတော် ပင့်ဆောင်စဉ် နိုင်ငံတော်သမ္မတ ဖိနပ်စီးထားခြင်းမှာ စေတီတော် ရင်ပြင်တွင် မဟုတ်ဘဲ စေတီတော်ပရိဝုဏ်အတွင်းရှိ မြေပြင်ပေါ်တွင်သာဖြစ်ကြောင်း တရုတ်နိုင်ငံသို့ လိုက်ပါသွားသည့် သာသနာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ဇူလိုင် ၂ ရက်ထုတ် ကြေးမုံ သတင်းစာမျက်နှာဖုံးတွင် ဖော်ပြထားသော ဓာတ်ပုံတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တစ်ဦးတည်း ဖိနပ်စီးထားမှုအပေါ် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။

‘‘စေတီပေါ်မှာ  စီးတာမဟုတ်ပါဘူး။ မြေပြင်ပေါ်မှာ ကော်ဇောခင်းထားတယ်။ အဲဒီ အပေါ်မှာ လျှောက်တာပါ။ ကျန်တဲ့သူတွေ ဖိနပ်မစီးဘူးဆိုတာက အကုန်လုံးက ဖိနပ်တွေကို တစ်နေရာတည်း စုပုံထားရတဲ့အတွက် မစီးကြတာပါ’’ ဟု အဆိုပါအရာရှိက ပြောသည်။

ထိုနေ့က ကျင်းပသည့် အခမ်းအနား အစီအစဉ်အရ နိုင်ငံတော် သမ္မတက စိန်ဖူးတော်ကို ကိုင်ဆောင်၍ မြေပြင်တွင် တစ်ပတ်ပတ်ပြီး ပန်းရထားဖြင့် စေတီအထွတ်သို့ ထီးတော်တင်လှူ ခြင်းဖြစ်ကာ စေတီတော် ရင်ပြင်ပေါ်သို့ တက်ရောက်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟေနန်ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်ရှိ မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနှင့် သာသနိက အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက်တွင် အဆိုပါ ကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

 အဆိုပါ မြင်းဖြူ ဘုရား ကျောင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး  ဗုဒ္ဓဘာသာ  ဘုရားကျောင်းဖြစ်ပြီး အေဒီ ၆၈  မင်းဧကရာဇ် လက်ထက်တွင် လော့ယန်မြို့၌ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

7 Day Daily

0 comments:

Post a Comment