Thursday, July 3, 2014

ဂြိုဟ်တုစနစ်သုံး လမ်းပြမြေပုံစနစ်ဖွံ့ဖြိုးရေး တရုတ်နှင့် ရုရှား ပူးပေါင်းဆောင်ရွက်ရန် သဘောတူ


တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ဂြိုဟ်တုစနစ်သုံး လမ်းပြမြေပုံစနစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဖော်ပြသည့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်ဂြိုဟ်တုစနစ်သုံး လမ်းပြမြေပုံစနစ် ဖွံ့ဖြိုးရေးရုံးနှင့် ရုရှား ဖက်ဒရေးရှင်း အာကာသအေဂျင်စီတို့သည် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်းပြည်နယ် မြို့တော်ဟာဘင်၌ ကျင်းပသော တရုတ်-ရုရှား ကုန်စည်ပြပွဲ ကျင်းပနေချိန်ကာလအတွင်း ဇွန် ၃ဝ ရက်တွင် နားလည်မှု စာချွန်လွှာကို တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အာကာသရေးရာ လုပ်ငန်းနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ် ဝမ်ယန်းက ပြောကြားသည်။

မိမိတို့ နှစ်နိုင်ငံအတွင်း ဂြိုဟ်တု လေ့လာစောင့်ကြည့်ရေး စခန်းများတည်ဆောက်ကာ ဂြိုဟ်တုစနစ်သုံးလမ်းပြ မြေပုံစနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ဂြိုဟ်တုစနစ်သုံး လမ်းပြမြေပုံစနစ်များ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်းပညာအရ ပိုမိုအဆင့်အတန်း မြင့်မားလာမည်ဖြစ်သည်။ လောလောဆယ်တွင် တရုတ်နိုင်ငံက ဘေဒူးအမည်ရှိ ဂြိုဟ်တုစနစ်သုံး လမ်းပြမြေပုံစနစ်ကို တည်ဆောက်ထားသည်။ ရုရှားနိုင်ငံကလည်း ကမ္ဘာဂြိုဟ်တုလမ်းပြမြေပုံ စနစ်ပိုင်ဆိုင်ပြီး အမေရိကန် ပြည်ထောင်စုက ဂျီပီအက်စ်စနစ်နှင့် ဥရောပသမဂ္ဂက ဂယ်လီလီယိုစနစ်တို့ကို တည်ဆောက်ထားပြီးဖြစ်သည်။

ဆင်ဟွာ(Myanmaalinn)

0 comments:

Post a Comment