Tuesday, July 8, 2014

ထိုင်းတောင်ပိုင်းမှ မွတ်ဆလင် သူပုန်များနှင့် ငြိမ်းချမ်းမှု ရရှိရေးကို အမျိုးသားဦးစားပေး လုပ်ငန်းစဉ်အဖြစ် စစ်အစိုးရ ကြေညာ

မွတ်ဆလင် အများစုနေထိုင်ရာ တောင်ပိုင်းဒေသ ငြိမ်းချမ်းရေး ရရှိရေးသည် ဗုဒ္ဓဘာသာဝင် အများဆုံး ကြီးစိုးသည့် ထိုင်းနိုင်ငံအတွက် အရေးကြီးသော အမျိုးသားရေး ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း ထိုင်းစစ်အစိုးရက တနင်္လာနေ့တွင် ထုတ်ပြန် ပြောကြားလိုက်သည်။

ခွဲထွက်ရေး မွတ်ဆလင် သူပုန်များ၏ ပုန်ကန် ထကြွမှုများကြောင့် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်ခဲ့သည့် ထိုင်းတောင်ပိုင်း ဒေသတွင်း ငြိမ်းချမ်းရေး ပေါ်ထွန်းမှုသည် တစ်နိုင်ငံလုံးအတွက် အမျိုးသားရေး ဦးစားပေးလုပ်ငန်းစဉ် ဖြစ်သည်ဟု ထိုင်းစစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာ ဦးဆောင်သော စစ်အစိုးရက ထုတ်ဖော် ကြေညာခြင်း ဖြစ်သည်။

“တောင်းပိုင်းကိစ္စဟာ လွန်စွာ အရေးကြီးလှတဲ့ အမျိုးသားရေး ဦးစားပေးကိစ္စ တစ်ရပ်ပဲ ဖြစ်ပါတယ်၊ တောင်ပိုင်းမှာ အောင်မြင်မှုတွေ ပိုမိုရရှိပြီး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပေါ်စေဖို့ ဗိုလ်ချုပ်ကြီး ပရာရွတ်မှာ ဆန္ဒရှိနေပါတယ်” ဟု ထိုင်းနိုင်ငံကို လက်ရှိ အုပ်ချုပ်လျက်ရှိသော အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အူဒိုမနပ်ဆစ်ဘူတာက ယင်းဒေသသို့ သွားရောက် လည်ပတ်မှုမပြုမီ သတင်းထောက်များကို ပြောကြားသည်။

ထိုသို့ ထိုင်းတောင်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ဆောင်မည် ဟူသော စစ်အစိုးရ၏ ကြေညာချက်သည် မွတ်ဆလင်တို့၏ ဥပုသ်လ စတင်ပြီး ရက်သတ္တတစ်ပတ်အတွင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်ကြီးပရာရွတ် ကိုယ်တိုင်ကလည်း ထိုင်းတောင်ပိုင်းဒေသတွင် စစ်ရေးနည်းဗျူဟာများထက် နိုင်ငံရေး မဟာဗျူဟာများကို ပိုမို အသုံးပြုသွားလိုကြောင်း ပြီးခဲ့သည့် သောကြာနေ့က မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောဆိုခဲ့သေးသည်။

၂၀၀၄ ခုနှစ်က စတင်ကာ ထိုင်းတောင်ပိုင်းဒေသ၌ အသေးစား ပုန်ကန်ထကြွမှု ပေါ်ပေါက်ခဲ့သော်လည်း ယင်းဖြစ်ရပ်ကြောင့် ယနေ့အချိန်အထိ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်ဟု ထိုင်းတောင်ပိုင်း စောင့်ကြည့်လေ့လာရေး အဖွဲ့၏ အဆိုအရ သိရသည်။

တောင်ပိုင်းရှိ ယာလာ၊ ပတ္တာနီနှင့် နရာသီဝပ် အစရှိသည့် ပြည်နယ်များသည် ၁၉၀၂ ခုနှစ် ထိုင်းနိုင်ငံက သိမ်းပိုက်ရယူမှု မပြုမီအထိ မလေးမွတ်ဆလင်များ၏ ဒေသများ ဖြစ်ခဲ့သည်။

ရာထူးမှ ထုတ်ပယ်ခံလိုက်ရသော အမျိုးသမီး ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်သည် ယမန်နှစ်က တောင်ပိုင်းဒေသမှ မွတ်ဆလင် သူပုန်တပ်ဖွဲ့ဖြစ်သော အမျိုးသားတော်လှန်ရေးတပ်ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း ယင်းဆွေးနွေးမှု ဖြစ်စဉ်များမှာ လျင်မြန်စွာပင် ပျက်ပြားခဲ့ရသည်။

The Voice Weekly

0 comments:

Post a Comment