Tuesday, July 1, 2014

အပစ်အခတ် ရပ်စဲရေးကို ပယ်ဖျက်ပြီး သူပုန်များကို တိုက်ခိုက်မည်ဟု ယူကရိန်းသမ္မတပြောကြား


အပစ်အခတ် ရပ်စဲရေး သတ်မှတ်ချက်ကို ဆက်လက်ကျင့်သုံးရန် ငြင်းပယ်လိုက်ပြီးနောက် နိုင်ငံအရှေ့ပိုင်း ဒေသရှိ ရုရှားလိုလားသော သူပုန်တပ်များကို ထိုးစစ်အရှိန်မြှင့်တင် ချေမှုန်းသွားမည်ဟု ယူကရိန်း သမ္မတက ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့ရှိ ယူကရိန်း အစိုးရနှင့် သူပုန်တပ်များသည် ဇွန်လကုန်ပိုင်းတွင် ရက်ပိုင်းမျှ အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့သော်လည်း ထိုအတောအတွင်း အပြန်အလှန် ပစ်ခတ်မှုများ ရှိနေခဲ့ပြီး အောင်မြင်သည့် ဆွေးနွေးမှု မဖြစ်ခဲ့ချေ။ ယခုအခါတွင်မူ သမ္မတ ပက်ထရို ပိုရိုရှန်ကိုက သူပုန်များကို စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ အပစ်အခတ် ရပ်စဲနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု စမ်းသပ်ကြည့်ခဲ့ပြီးပြီ။ ခုတော့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ယူကရိန်း လက်နက်ကိုင် တပ်တွေရဲ့ စစ်ဦးစီးချုပ် အနေနဲ့ တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းထားရတဲ့ အခြေအနေကို ဖျက်သိမ်းလိုက်ပါပြီ”ဟု ပိုရိုရှန်ကိုက ဆိုသည်။

၎င်းက “ခုချိန်ကစပြီး ကျွန်တော်တို့ တိုက်ခိုက်ပါတော့မယ်”ဟုလည် ပြောကြားခဲ့သည်။ ၎င်းက နှစ်ဦးနှစ်ဖက် အမှန်တကယ် လေးစားစောင့်ထိန်းမည် ဆိုပါက အချိန်မရွေး အပစ်အခတ် ရပ်စဲရန် လမ်းဖွင့်ပေးထားဆဲဟုလည်း ဆိုသည်။ “တကယ်သာ အပစ်အခတ် ရပ်စဲချင်တယ်ဆိုရင် ကျွန်တော်တို့က အမြဲတမ်း အဆင်သင့်ပါ။ ငြိမ်းချမ်းရေး အစီအစဉ်အတွက် အဖွဲ့အစည်းတိုင်းက အရေးပါတဲ့ ကြေညာချက်တွေ ထုတ်ပြန်မလား ဆိုတာကို စောင့်ကြည့်ရလိမ့်မယ်”ဟုလည်း သမ္မတက မှတ်ချက်ပြုခဲ့သည်။

ရုရှား၊ ပြင်သစ်နှင့် ဂျာမနီ အစိုးရများက ယူကရိန်းတွင် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် သက်တမ်းတိုးမြှင့်ရန် တောင်းဆိုခဲ့သော်လည်း ပိုရိုရှန်ကိုက သူပုန်ထမှုကို စစ်ရေးဖြင့်သာ ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

_Channel News Asia

0 comments:

Post a Comment