Tuesday, July 1, 2014

ဦးထွန်းမြင့်နိုင် ကနေဒါ ကုန်သွယ်ဆွေးနွေးပွဲ တက်ရောက်မှု မြန်မာအစိုးရတွင် တာဝန်ရှိဟု ဆို


ကနေဒါနိုင်ငံ၊ ဗင်ကူးဗားနှင့်တိုရန်တိုမြို့များတွင် ဇွန်လအတွင်းကျင်းပခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ အစည်းအဝေး များသို့ မြန်မာ နိုင်ငံမှ ဘိန်းဘုရင်အဖြစ် ကျော်ကြားခဲ့သူ လော်စစ်ဟန်၏ သားဖြစ်သူ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော ပါဝင်တက်ရောက်ခွင့်ရရှိခဲ့မှုသည် မြန်မာအစိုးရတွင်သာ အဓိက တာဝန်ရှိကြောင်း ကနေဒါအစိုးရက ပြောဆိုလိုက်သည်။

အာဆီယံ အဆင့်မြင့်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံမှ ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လာ ပါဝင်မှုသည် မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး မြန်မာအစိုးရတွင်သာ တာဝန်ရှိကြောင်း၊  ကနေဒါ နိုင်ငံသို့ စတီဗင်လော ရောက် လာ ခဲ့ခြင်းသည် မြန်မာနိုင်ငံက ကုန်သွယ်ရေး ကိုယ်စားလှယ်အနေဖြင့် လာခြင်းသာဖြစ်ပြီး မြန်မာအစိုးရက ဦးထွန်းမြင့်နိုင် ကို ကိုယ်စားလှယ်အဖွဲ့တွင် ထည့်သွင်း ဖိတ်ကြားလာခြင်းကြောင့်ဖြစ်ကြောင်း ကနေဒါ အစိုးရ၏ နိုင်ငံတကာ ကုန်သွယ် ရေး ဝန်ကြီး Ed Fast ၏ ပြောရေးဆိုခွင့် ရှိသူ Shannon Gutoskie  က ဧရာဝတီသို့ ပြောသည်။

“မြန်မာအစိုးရ ဝန်ကြီးနဲ့ အတူပါလာမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေ ပါတယ်ဆိုတာက မြန်မာအစိုးရရဲ့ သီးခြား လွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စပါ။ ကနေဒါ အစိုးရက မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူမပါရဘူး၊ ပါရမယ်ဆိုတာ ရွေးချယ် ပိုင်ခွင့် မရှိပါဘူး”ဟု  ဧရာဝတီကို အီးမေးလ်မှ တဆင့် ပြန်လည် ဖြေကြားသည်။

ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောသည် ကနေဒါနိုင်ငံတွင် ကျင်းပခဲ့သော ကုန်သွယ်ရေး ဆိုင်ရာ အစည်းအဝေးများသို့ မြန်မာ အစိုးရ ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဒေါက်တာ ကံဇော် ၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ၃ ဦးနှင့်အတူ ဦးထွန်းမြင့်နိုင် တက်ရောက်ခဲ့ကြောင်း၊ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်ကို ကနေဒါအစိုးရ က ဗီဇာ ထုတ်ပေးခဲ့သော်လည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ တဦးကို ကနေဒါအစိုးရက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ် ခဲ့ကြောင်း ဧရာဝတီက သတင်းရေးသားတင်ပြခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံးမှ မစိုင်းဇင်(Seng Zin)သည် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီး များ စုဖွဲ့ထားသော Nobel Woman Initiative က ကြီးမှူးကျင်းပသည့် စွမ်း ရည် မြှင့်တင်ရေး သင်တန်း တက်ရောက်ရန် ကနေဒါ နိုင်ငံ ဗီဇာ လျှောက်ထားခဲ့ရာ ငြင်းပယ်ခံခဲ့ရသော်လည်း ဦးထွန်းမြင့်နိုင်မှာမူ ကနေဒါ ပြည်ဝင် ခွင့်ဗီဇာ ရရှိခဲ့သည်။

ကနေဒါ အစိုးရ၏ နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီး Ed Fast ၏ ပြောရေးဆိုခွင့် ရှိသူ Shannon Gutoskie  က ကနေဒါ မြေပေါ်တွင် ဦးထွန်းမြင့်နိုင် ခြေချခွင့် ရရှိခဲ့မှုတွင် ကနေဒါ လူဝင်မှု ကြီးကြပ်ရေး အရာရှိများတွင်လည်း တာဝန် မကင်းဟု ဆိုသည်။

“ဒီ လူပုဂ္ဂိုလ်တဦး ကနေဒါကို ဝင်ရောက်ခဲ့တဲ့ အချက်ကတော့ ကျနော်တို့ကို စိုးရိမ်စရာတွေ ဖြစ်စေပါတယ်။ ရှင်းရှင်း ပြော ရရင် ကနေဒါ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဒီလို လူမျိုးကို ဗီဇာ ထုတ်ပေးခဲ့မိတာဟာ လူဝင်မှု ကြီး ကြပ်ရေး ဥပဒေတွေအရ စိစစ်ဖို့ အလုပ်တာဝန် ပျက်ကွက်ခဲ့ပါတယ်” ဟု Gutoskie က ဆိုသည်။

စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်သည် မူးယစ်ဆေး ကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့မှုဖြင့် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာန၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာနခွဲ OFAC က နာမည် ပျက်စာရင်း သွင်းခံ ထားရသူဖြစ်သည်။

ဦးထွန်းမြင့်နိုင်သည် ကနေဒါ ကုန်သွယ်မှု အစည်းအဝေးများ တက်ရောက်ခဲ့ရာတွင် အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင်အနေဖြင့် မဟုတ်ဘဲ  “ရတနာ တောင်တန်း” ကျောက်မျက် ရတနာ ကုမ္ပဏီ လီမိတက် ၏ မန်နေဂျင်း ဒါရိုက်တာ Lo Ping Zhong  အမည် ဖြင့်  မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်လာခြင်းဖြစ်ကြောင်း ကနေဒါ အစိုးရက ပြောဆိုခဲ့သည်။

မြန်မာ့အရေး လှုပ်ရှားနေသည့် ဗြိတိန်အခြေစိုက် ဘားမား ကင်ပိန်း ယူကေ အဖွဲ့ဒါရိုက်တာ မစ္စတာ မာ့ခ်ဖာမင်နာက မြန်မာ နိုင်ငံဆိုင်ရာ ကနေဒါသံရုံးအနေဖြင့် အငြင်းပွားဖွယ်ရာ နာမည်ဆိုးနှင့် ကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်ခဲ့မှုကို မသိရှိခြင်းမှာ  လက်ခံ နိုင်စရာ မရှိဟု ဧရာဝတီသို့ ပြောဆို သည်။

“စတီဗင်လော ဘယ်သူဆိုတာ ကနေဒါ အရာရှိတွေ မသိခဲ့ဘူးဆိုတာကို လက်ခံယုံကြည်ဖို့ ခက်ပါတယ်။ သူဟာ နာမည် ဆိုးနဲ့ ကျော်ကြားလို့ နိုင်ငံ တော်တော် များများက ဗီဇာပိတ်ပင်ထားတဲ့ နာမည်ပျက်စာရင်းဝင်ပါ။ စီးပွားရေး အခွင့်အလမ်း တွေ ဆုံးရှုံးမှာစိုးလို့ မြန်မာအစိုးရနဲ့ မျက်နှာ မပျက်ရအောင် သူ့ကို ခွင့်ပြုခဲ့တယ်ဆိုရင် ဒါက မဖြစ်သင့်တာပဲ။ စတီဗင်လော ကို တရားဝင် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ မြန်မာအစိုးရက ဖိတ်ကြား ခဲ့တာဆိုရင် မြန်မာအစိုးရနဲ့ မြန်မာ မူးယစ် ရာဇာတို့အကြားက ဆက်ဆံရေး နီးနီးကပ်ကပ်ရှိတာကို ပြသတာပဲ”ဟု မာ့ခ်ဖာမင်နာက ဆိုသည်။

အေးရှားဝေါလ်ဦးထွန်းမြင့်နိုင်၏ ဖခင်ဖြစ်သူ ဘိန်းဘုရင် လောစစ်ဟန်သည် မကွယ်လွန်ခင်က မြန်မာအစိုးရနှင့် တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့တချို့ အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်စေရန် ကြားဝင် ဆောင်ရွက် ပေးခဲ့ သည့်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်ခွင့် ရရှိခဲ့သူဟု အမေရိကန်က မှတ်ချက်ပြုထားကြောင်း အမေရိကန် သံတမန် လျှို့ဝှက် သတင်းပေါက်ကြားမှုဆိုင်ရာများကို စုစည်းဖော်ပြသည့် ဝီကီလိခ်၏ ဖော်ပြချက်အရ သိရှိရသည်။

ဦးထွန်းမြင့်နိုင်၏ အေးရှားဝါးလ် ကုမ္ပဏီလုပ်ငန်းစုကြီးက အနောက်နိုင်ငံ လူထု ဆက်ဆံရေး ဝန်ဆောင်မှုလုပ်နေသည့် အဖွဲ့ကို ငှားရမ်း၍ နာမည်ပျက် မှတ်တမ်းဆိုးများ တိုးတက်ကောင်းမွန်လာစေရေး စီမံ ခဲ့ကြောင်း၊ အထူးသဖြင့် ဦးထွန်းမြင့်နိုင် သည် အမေရိကန်အစိုးရ၏ အမည်ပျက်စာရင်းတွင် ပါဝင်နေမှုကို ဖယ်ရှားနိုင်ရေး၊ ငွေမည်းများ လျှော်ဖွတ် သုံးနိုင် ရေး ပညာရှင်များ ငှားရမ်းကာ ကြိုးစားနေသည်ဟု ရန်ကုန်ရှိ သတင်းရင်းမြစ်တခုအဆိုအရ သိရှိရသည်

ကနေဒါ အစိုးရ တာဝန်ရှိသူများက ဦးထွန်းမြင့်နိုင်ကို ကနေဒါသို့ ထပ်မံ လာရောက်ခွင့်ပေးတော့မည် မဟုတ်ဟု ဆို သော် လည်း ကနေဒါ စီးပွားရေး လုပ်ငန်းရှင်များကို အေးရှားဝါးလ် ကုမ္ပဏီ သို့မဟုတ် ဦးထွန်းမြင့်နိုင်နှင့် စီးပွားရေး မလုပ် ရန် ကြိုတင် ကာကွယ်ထားသော  ဥပဒေမျိုး မရှိသေးဟု သိရှိရသည်။

ကနေဒါ အစိုးရက မြန်မာအစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုများကို ၂၀၁၂ ခုနှစ် အစောပိုင်းက ဖယ်ရှားမှုများ လုပ်ဆောင်ခဲ့သော်လည်း ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် လူပုဂ္ဂိုလ် စာရင်းကို ဖယ်ရှား ခြင်း မရှိသေးကြောင်း၊ ပိတ်ဆို့ထားသူများစာရင်းတွင် ယခင် မြန်မာ စစ်အာဏာရှင် ဦးသန်းရွှေနှင့်ဦးတေဇလည်း ပါဝင် ကြောင်း သိရှိရသည်။

လတ်တလော မြန်မာနိုင်ငံတွင် ရောက်ရှိနေသော လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တွမ်မာလင်နော်စကီး ဦးဆောင် သော အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်၏ နာမည်ပျက်စာရင်းဝင် မြန်မာစီးပွားရေး လုပ်ငန်းရှင် ခရိုနီကြီးတချို့နှင့် တွေ့ဆုံမှု ရှိခဲ့ကြောင်း၊ သို့ရာတွင် ယင်းခရိုနီများတွင် အေးရှားဝေါလ် ဦးထွန်းမြင့်နိုင် မပါ ၀င်ကြောင်း၊ အမေရိကန် အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လက်နက်မှောင်ခိုမှုတို့ဖြင့် ပတ်သက်နေသော ဦးထွန်းမြင့်နိုင် နှင့် ဦးတေဇတို့အပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု အမည်ပျက်စာရင်းကို ပယ်ဖျက်နိုင်ဖွယ် မရှိ ကြောင်း ရန်ကုန်သတင်းရင်းမြစ်တခု၏ အဆိုအရ သိရှိရသည်။

The Irrawady's Blog

0 comments:

Post a Comment