Thursday, June 26, 2014

မြန်မာနိုင်ငံ၌ အနည်းဆုံး နိုင်ငံခြားဘဏ်ငါးခု စက်တင်ဘာတွင် ရွေးချယ်လုပ်ကိုင်ခွင့် ပြုမည်


မြန်မာနိုင်ငံ၌ အနည်းဆုံး နိုင်ငံခြားဘဏ် ငါးခုမှ အများဆုံး နိုင်ငံခြားဘဏ် ၁၀ ခုကို စက်တင်ဘာလတွင် ရွေးချယ်လုပ်ကိုင်ခွင့် ပြုမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောကြားသည်။

ဇွန် ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ရေး၊ ကြီးကြပ်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ပြည်တွင်းဘဏ်များ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်မည့် အစီအမံများကို လာရောက်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားဘဏ်များကို ပြည်တွင်း၌ လာရောက်ဖွင့်လှစ်ခွင့်ပြုရန် စနစ်သုံးမျိုးဖြင့် စဉ်းစားခွင့်ပြုနိုင်ကြောင်း၊ ပထမတစ်ချက်မှာ နိုင်ငံခြားဘဏ်ခွဲ လာရောက်ဖွင့်လှစ်ခြင်း၊ ဒုတိယတစ်ချက်မှာ နိုင်ငံခြားဘဏ်တစ်ခုမှ မြန်မာနိုင်ငံတွင် ကုမ္ပဏီအသစ်တစ်ခု ထူထောင်ကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်းနှင့် တတိယတစ်ချက်မှဲာJoint Venture (JV) စနစ်ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။

“အခု နိုင်ငံခြားဘဏ်တွေကို ရွေးချယ်မယ့်စနစ်က နိုင်ငံခြားဘဏ်ခွဲတွေ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်တဲ့ စနစ်မျိုး မဟုတ်ဘဲ နိုင်ငံခြားဘဏ်တစ်ခုက မြန်မာနိုင်ငံမှာ ကုမ္ပဏီအသစ်တစ်ခု ထူထောင်ကာ ဘဏ်လုပ်ငန်း လုပ်ကိုင်စေတဲ့ စနစ်ပုံစံမျိုး ဖြစ်ပါတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံခြားဘဏ်များကို ရွေးချယ်ရေး အဖွဲ့၌ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ရှေ့နေချုပ်ရုံး၊ ဂျာမနီအခြေစိုက် အကြံပေးပညာရှင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်မှ ပညာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံခြားဘဏ် အရေအတွက်ကို အတိအကျပြော၍ မရသေးသော်လည်း အနည်းဆုံး နိုင်ငံခြားဘဏ်ငါးခုမှ အများဆုံး ၁၀ ခုအထိ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အား ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားသည်။

၎င်းစနစ်ဖြင့် မြန်မာနိုင်ငံတွင် ဘဏ်များလာရောက် ဖွင့်လှစ်ပါက ရင်းနှီးမြှုပ်နှံမှုကို နိုင်ငံခြားမှ ယူလာရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှု ဖြစ်ချိန်များတွင် အလွယ်တကူ ပြန်ထွက်ရန် မလွယ်ကူကြောင်း၊ မြန်မာနိုင်ငံ ဗဟိုဘဏ်အောက်တွင် ၁၀၀ ရာခိုင်နှုန်း အုပ်ချုပ်မှုနှင့် ကြီးကြပ်မှုကို ခံရမည်ဖြစ်ကြောင်း ဒေါက်တာဆက်အောင်က ဆိုသည်။

ရွေးချယ်မည့်မူများမှာ နိုင်ငံတော်အကျိုး တိုးတက်စေရန်နှင့် ပြည်တွင်းဘဏ်များ ဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ပြည်တွင်းပုဂ္ဂလိကဘဏ် အရေအတွက် စုစုပေါင်း ၂၀ ကျော်ရှိနေကြောင်း သိရသည်။

Eleven Media Group 

0 comments:

Post a Comment