Saturday, March 8, 2014

ဥပဒေစိုးမိုးရေး မြှင့်တင်ရေးဆိုင်ရာ စင်တာများ ဖွင့်လှစ်ရေး လွှတ်တော်တွင် ဆွေးနွေးမည်


မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုရေးနှင့် ပြည်သူများ ဥပဒေ အသိပညာများ တိုးပွားလာစေရန် တရားဥပဒေ စိုးမိုးရေး မြှင့်တင်မှုဆိုင်ရာ စင်တာများ ဖွင့်လှစ်ရေးကိစ္စကို လွှတ်တော်တွင် ဆွေးနွေးသွားရန် ရှိကြောင်း မန္တလေးတိုင်း ဥပဒေရုံးနှင့် လွှတ်တော်သတင်း ရပ်ကွက်ထံမှ စုံစမ်းသိရှိရသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်အရ တရားဥပဒေစိုးမိုးရေး မြှင့်တင်ရေးဆိုင်ရာ စင်တာများ ဖွင့်လှစ်ရန် သင့်၊ မသင့် လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါစင်တာများ ဖွင့်လှစ်နိုင်ရေး ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ပံ့ပိုးကူညီမှုများ ရှိကြောင်း မန္တလေးတိုင်း ဥပဒေရုံး တာဝန်ရှိသူများက ပြောကြားသည်။

UNDP အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အပါအဝင် တိုင်းဥပဒေချုပ် ရုံးအတွင်းရှိ အရာရှိများ မတ်လလဆန်းပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်စဉ် တရားဥပဒေ စိုးမိုးရေး မြှင့်တင်ရေးစင်တာများ ကိစ္စနှင့် ပတ်သက်ပြီး UNDP က ထည့်သွင်း ပြောဆိုဆွေးနွေး သွားသည်ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ဥပဒေအရာရှိ အချို့ထံမှ သိရှိရသည်။

တရားဥပဒေ စိုးမိုးရေး စင်တာများသည် တရာဥပဒေ စိုးမိုးရေးကို မြှင့်တင်ရန်၊ လေ့ကျင့်ရန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး စင်တာများ ဖွင့်လှစ်နိုင်ရေး ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ UNDP ကလည်း လိုအပ်သော အချက်အလက်များ စုဆောင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီထံ တင်ပြမည် ဖြစ်ကြောင်း၊ အမှန်တကယ် စင်တာများ ဖွင့်လှစ်နိုင်ရေးသည် လွှတ်တော်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ အဓိက မူတည်ကြောင်း မန္တလေးတိုင်း ဥပဒေရုံးထံမှ သိရှိရသည်။

“Rule of law centre ဖွင့်လှစ်တာ ကောင်းတယ်။ စင်တာဖွင့်လှစ်ဖို့ ပံ့ပိုးသွားမယ်” ဟု မန္တလေးတိုင်း ဥပဒေချုပ် ဦးရဲအောင်မြင့်က ဆိုသည်။

တရားဥပဒေ စိုးမိုးရေး စင်တာများ ဖွင့်လှစ်နိုင်ရေး ကူညီနေသည့် UNDP မှ Mr. Larry Taman က တရားဥပဒေ စိုးမိုးရေး စင်တာများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ တည်ထောင် ဖွင့်လှစ်ရာတွင် လိုအပ်ချက်များရှိပြီး အစိုးရအမှုတမ်း၊ အရာထမ်းများ လိုအပ်ကြောင်း၊ ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် အစိုးရ အမှုထမ်းများ အပြန်အလှန် ဆက်သွယ် စကားပြောရန် လိုအပ်ကြောင်း၊ စင်တာများသို့ ပြည်သူလူထု လာရောက်ပြီး တရားဥပဒေ စိုးမိုးရေးကို လေ့လာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“တရားဥပဒေ စိုးမိုးရေးအတွက် UNDP က စင်တာဖွင့်ရန် ကိစ္စကို လွှတ်တော် အဆုံးအဖြတ် ယူမည်ဆိုတော့ လွှတ်တော်ရဲ့ Role ကိုတင်ရာ ရောက်သဖြင့် လွှတ်တော်တင်တာကို သဘောတူပါတယ်ဟု” မန္တလေး ရှေ့နေအသင်းမှ NDF ပါတီဝင် ဦးခင်မောင်သန်းက ပြောကြားသည်။

UNDP သည် မန္တလေးတိုင်းသို့ မတ်လအတွင်း လာရောက်ခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပြင်ပရှေ့နေများ တွေ့ဆုံခဲ့ကာ တရားဥပဒေ စိုးမိုးရေးစင်တာ ဖွင့်လှစ်ရေး အကြံပြုချက်များ၊ သတင်း အချက်အလက်များ စုဆောင်းခဲ့သည်ဟု UNDP မှ တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

အရပ်ဘက် လူ့အဖွဲ့စည်းများနှင့် ရှေ့နေများက တရားဥပဒေ စိုးမိုးရေး စင်တာများတွင် အစိုးရဝန်ထမ်း မဟုတ်သည့် ပြင်ပရှေ့နေများကို ထားရန် UNDP သို့ အကြံပြု ခဲ့ကြောင်း မန္တလေးအခြေစိုက် ရှေ့နေကြီး ဦးလှပိုက ဆိုသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က မန္တလေးနှင့် လားရှိုးတွင် တရားဥပဒေ စိုးမိုးရေးစင်တာများ တည်ထောင်ရန် UNDP က အချက်အလက်များ ကောက်ယူနေပြီး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ တင်ပြသွားရန် ရှိကြောင်း ပြောဆိုသည်။

The Voice Weekly

0 comments:

Post a Comment