Wednesday, March 5, 2014

လွှတ်တော်နှစ်ရပ်အကြား သဘောကွဲလွဲမှုဖြစ်ပေါ်ခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် သတင်းမီဒီယာဥပဒေကြမ်းတို့အား ပြည်ထောင်စုလွှတ်တော် အတည်ပြု

လွှတ်တော်နှစ်ရပ်အကြား သဘောကွဲလွဲမှုများဖြစ်ပေါ်ခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့် သတင်းမီဒီယာ ဥပဒေကြမ်းတို့အား မတ် ၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ထိုကဲ့သို့အတည်ပြုရာတွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း ပုဒ်မ (၂)(စ) အား "သတင်းအေဂျင်စီဆိုသည်မှာ ပြည်တွင်း၊ ပြည်ပမှ သတင်းအချက်အလက်များကို စုဆောင်းရယူ၍ ပုံနှိပ်မီဒီယာ၊ အီလက်ထရောနစ်မီဒီယာနှင့် အခြားသောမီဒီယာများသို့ အခကြေးငွေဖြင့်ဖြစ်စေ၊ အခကြေးငွေမယူဘဲဖြစ်စေ ဖြန့်ဝေပေးသည့်လုပ်ငန်းကိုဆိုသည့်"ဟု ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှ အဆိုပါပုဒ်မအား ပယ်ဖျက်ခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှညှိနှိုင်း၍ "သတင်းအေဂျင်စီဆိုသည်မှာ ပြည်တွင်း၊ ပြည်ပမှသတင်းအချက်အလက်များကို စုဆောင်းရယူ၍ နည်းတစ်မျိုးမျိုးဖြင့် မီဒီယာများသို့ အခကြေးငွေဖြင့်ဖြစ်စေ၊ အခကြေးငွေမယူဘဲဖြစ်စေ ဖြန့်ဝေပေးသည့်လုပ်ငန်း၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီသို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။ " စကားရပ်ဖြင့် အစားထိုး အတည်ပြုသင့်ကြောင်း သဘောထားပေးခဲ့ပြီး လွှတ်တော်မှလည်းအတည်ပြုခဲ့သည်။

ယင်းသို့သတင်းအေဂျင်စီ၏ အဓိပ္ပာယ်အား ပြင်ဆင်အတည်ပြုခဲ့သဖြင့် သတင်းအေဂျင်စီ၊ ၀က်ဘ်ဆိုက်စသည်တို့အား အဓိပ္ပာယ်ဖွင့်ဆိုထား အခြားပုဒ်မများဖြစ်သော ပုဒ်မ(၂)(ဆ)၊ ပုဒ်မ(၆)(ခ)၊ ပုဒ်မ(၁၆)၊ ပုဒ်မ(၁၇)၊ ပုဒ်မ(၁၈)၊ ပုဒ်မ(၁၉)၊ ပုဒ်မ(၂၀) တို့အား ပယ်ဖျက်အတည်ပြုခဲ့သည်။

ထို့အပြင် ပုံနှိပ်ခြင်းဥပဒေကြမ်းပါ ပုဒ်မ (၉)(က)အား" ပုဒ်မ ၈ အရ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းခံရသူသည် ၀န်ကြီးထံသို့ ပြန်လည်စိစစ် သုံးသပ်ပေးနိုင်ရန်အတွက် သတ်မှတ်ကာလအတွင်း လျှောက်ထားခွင့်ရှိသည်"ဟု လည်းကောင်း၊ ပုဒ်မ(၉)(ခ)အား"၀န်ကြီးသည် ပုဒ်မ ခွဲ(က)အရ လျှောက်ထားလွှာကို လက်ခံရရှိပါက ပြန်လည်စိစစ်သုံးသပ်ပြီး မူလဆုံးဖြတ်ချက်ကို လက်ခံခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်"ဟုလည်းကောင်း ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြစ်သော ပုဒ်မ(၁၀) (က)အား "တိုင်းရင်းသား လူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း"နှင့် ပုဒ်မ(၁၀)(ခ) နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကိုသော်လည်းကောင်း၊ ထိခိုက်စေမည့်အကြောင်းအရာများကို ဖော်ပြခြင်း"အား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ အခန်း ၅ ခေါင်းစဉ်ဖြစ်သော"တရားမ၀င် ထုတ်ဝေစာအဖြစ်ကြေညာခြင်း"အား ပြည်ထောင်စုလွှတ်တော်မှ ပယ်ဖျက်အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြစ်သော ပုဒ်မ(၁၁)"သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းက ဖြစ်စေ၊ ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကဖြစ်စေ၊ ပုဒ်မ ၁၀ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာနှင့်စပ်လျဉ်း၍ တရားမ၀င်ထုတ်ဝေစာအဖြစ် ကြေညာပေးနိုင်ရန် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် ခရိုင်အဆင့်တရားရုံးသို့ လျှောက်ထားနိုင်သည်။ ထိုသို့လျှောက်ထားလာခြင်းကို သက်ဆိုင်ရာတရားရုံးက အမြန်ဆုံးစီရင်ရမည်"အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ပုဒ်မ (၁၂) အား အမျိုးသားလွှတ်တော်မှ အတည်ပြုထားသော"လျှောက်ထားလွှာလက်ခံရရှိသော တရားရုံးသည် တရားဝင်ထုတ်ဝေစာမဟုတ်ကြောင်း အမိန့်တစ်စုံတစ်ရာ မချမှတ်မီ လျှောက်ထားခံရသော ထုတ်ဝေစာကို ဖြန့်ချိခြင်းမပြုရန် ယာယီတားဝရမ်းထုတ်ဆင့်ခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည်"အတိုင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီး ပုဒ်မ(၁၃)အား ပယ်ဖျက်အတည်ပြုခဲ့သည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ ပုဒ်မ(၂၆) အား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ဖြစ်သော"ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သည့်နေ့မှစ၍ တစ်နှစ်အတွင်း လျှောက်ထားခြင်း အရေးယူးခြင်း သို့မဟုတ် အမှုစွဲဆိုခြင်းပြုရမည်"စကားရပ်အတိုင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

အလားတူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲ၍ လွှတ်တော်ကိုယ်စားလှယ်မှတစ်ဆင့် တင်သွင်းခဲ့သည် သတင်းမီဒီယာ ဥပဒေကြမ်းတွင်လည်း ပုဒ်မ (၂)(ဇ) သတင်းအေဂျင်စီ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းပါသတင်းအေဂျင်စီ အဓိပ္ပာယ်ဖွင့်ဆိုချက် စကားရပ်များအတိုင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

သတင်းမီဒီယာဥပဒေကြမ်း၏ ပုဒ်မ (၁၂) သည်လည်း လွှတ်တော်နှစ်ရပ် သဘောကွဲလွဲခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ"ကောင်စီသည် စာနယ်ဇင်းသမားများနှင့်စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်" စကားရပ်ဖြင့် ပြင်ဆင်အတည်ပြုခဲ့သည်။

ထို့အပြင် သတင်းမီဒီယာဥပဒေကြမ်းပါ ပုဒ်မ(၂၉)အား လွှတ်တော်နှစ်ရပ်လုံးမှ ပယ်ဖျက်အတည်ပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ညှိနှိုင်းချက်၍ မူလပြဋ္ဌာန်းချက်အတိုင်း အတည်ပြုခဲ့ပြီး၊ ပုဒ်မ(၃၂)အား ပြည်သူ့လွှတ်တော်ပယ်ဖျက်ခဲ့ပြီး အမျိုးသားလွှတ်တော်မှ မူလအတိုင်းထားရန် အတည်ပြုခဲ့ကာ၊ ပြည်ထောင်စုလွှတ်တော်မှလည်း မူလအတိုင်း အတည်ပြုခဲ့သည်။

Eleven Media Group

0 comments:

Post a Comment