
မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ယုဇနလမ်းတွင် နေထိုင် သည့်
အေးထွန်း (ခ) ခွေး စီးလာသည့် Wave Alpha ၁၀၀ စီစီ အမျိုးအစား အမည်းရောင်
မော်တော်ဆိုင်ကယ်ကို အတ္ထရံတံတား အနီးတွင် ဇန်နဝါရီ ၃၁ ရက်နေ့က စစ်ဆေးရာမှ
၂၁ စီးမြောက် မော်တော်ဆိုင်ကယ် ခိုးယူသူကို ဖော်ထုတ်နိုင်ခဲ့ကြောင်း
မြိုင်သာယာ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မင်းထွန်းက ပြောကြားသည်။
ယင်းဆိုင်ကယ်ခိုးမှုတွင် အေးထွန်းနှင့်အတူ ကျွဲခြံရပ်ကွက် ဟာဇင်ကုန်းတွင်
နေထိုင်သည့် ဂနီ (ခ) ငြိမ်းချမ်းနှင့် မုတ္တမမြို့တွင် နေထိုင်သော ဟာဆန်း
(ခ) ကျော်ဦးတို့လည်း ပါဝင်ကြောင်း၊ ဆိုင်ကယ် အားလုံးကို ဖွင့်နိုင်သည့်
(စက်နိုးနိုင်သည့်) သော့တူ တစ်ချောင်းကိုလည်း အေးထွန်းထံမှ သိမ်းဆည်း
ရမိကြောင်း၊ ၂၁ စီးမြောက် မော်တော်ဆိုင်ကယ်ကို မော်လမြိုင်
ခြောက်မိုင်ရပ်ကွက် သွေးသောက်ရပ်ရှိ ဦးအောင်မြတ်မွန်၏ နေအိမ်အောက်မှ
ခိုးလာသည့် ဆိုင်ကယ် ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဒီသုံးယောက်ကို
ကျွန်တော်တို့ စုံစမ်းနေတာ ခြောက်လလောက် ရှိသွားပြီ။ ဂနီကို ကရင်ပြည်နယ်
ကြာအင်းဆိပ်ကြီး၊ အလယ်တံခွန်တိုင်မှာ ထပ်မိတယ်။ မုတ္တမက ဟာဆန်းကတော့
ထွက်ပြေး နေသေးတယ်။ အဲဒီတစ်ယောက် ထပ်မိရင် ဆိုင်ကယ် အများကြီး
ထပ်ရနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။
“ကျွန်တော့် ဆိုင်ကယ်က သြဂုတ်လ ၃
ရက်နေ့မှာ ပျောက်တာ။ ရွာမှာရေကြီးတဲ့အချိန် အဘွားကလည်း
မျက်လုံးဒဏ်ရာရှိတော့ ဇာတိပြန်ပြီး အနားသွားယူတယ်။ အဲဒီအချိန် အိမ်မှာ
ကျန်ခဲ့တဲ့ဆိုင်ကယ် ခိုးခံထိတယ်။ ကျွန်တော့် ဆိုင်ကယ်က ၁၇ သိန်းလောက်
တန်တယ်။ ခိုးခံထိတဲ့ ဆိုင်ကယ် ပြန်ရပြီလို့ အကြောင်းကြားလို့ ဆိုင်ကယ်
လာထုတ်တာ” ဟု ဆိုင်ကယ် အခိုးခံရသူ မော်လမြိုင် ငန်းတေးရပ် ဇေယျာမြိုင်တွင်
နေထိုင် သည့် ဦးမင်းယဉ်မွန်က ပြောကြားသည်။
အခိုးခံခဲ့ရသည့်
ယင်းမော်တော်ဆိုင်ကယ်များကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်
တံခွန်တိုင်ကျေးရွာ၊ ကော့ကရိတ်မြို့နှင့် မွန်ပြည်နယ် ညောင်ပင်ဆိပ်၊
မုဒုံမြို့နယ် တောင်ကလေးကျေးရွာ၊ ဖနုံကျေးရွာ၊ ရဲမွန်ကျေးရွာတို့မှ
သိမ်းဆည်း ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းဆိုင်ကယ် ခိုးသူများကို မြိုင်သာယာ
နယ်မြေရဲစခန်းတွင် ပထမ သတင်းပေးတိုင်ချက် (ပ) ၅/၂၀၁၄ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၈၀ (ဆိုင်ကယ်) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းစခန်းမှ
တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။
၎င်းတို့ ခိုးယူခဲ့သည့်
မော်တော်ဆိုင်ကယ် ၂၁ စီးအနက် ၁၂ စီးမှာ မော်လမြိုင် ရဲစခန်းတွင်
အမှုဖွင့်ထားသည့် ဆိုင်ကယ်များ ဖြစ်ပြီး ကျန်ကိုးစီးမှာ အမှုဖွင့်ထားခြင်း
မရှိသောကြောင့် ပိုင်ရှင်များထံ အပ်နှံပေးနိုင်ရန် ရဲစခန်းက စုံစမ်းလျက်
ရှိသည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
The Voice Weekly
0 comments:
Post a Comment