Sunday, February 9, 2014

အာဆင်နယ်ကို ဂိုးပြတ် အနိုင်ရခဲ့သော်လည်း ချန်ပီယံဆုအတွက် လုံလောက်သည့် လူအင်အားမရှိဟု ဘရန်ဒန် ရော့ဒ်ဂျာ ပြောကြား

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဒ်ဂျာဟာ လီဗာပူးလ်အသင်းအနေနှင့် အာဆင်နယ် အသင်းကို ဂိုးပြတ် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ချန်ပီယံဆု အတွက်မူ လုံလောက်သည့် လူအင်အား မရှိကြောင်း ပြောဆိုသွားခဲ့သည်။ သို့သော်လည်း လက်ရှိ အသင်းမှာ ရှိနေသည့် ကစားသမားများ၏ စွမ်းဆောင်ချက်များအပေါ် အားရ ကျေနပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ချန်ပီယံဆုအတွက် အခွင့်အရေးနှင့် ပါတ်သက်ပြီး ရော့ဒ်ဂျာက “ကျနော်တို့ရဲ့ လူစာရင်းကို ခင်ဗျား အသေအချာ ကြည့် ကြည့်ပါ။ အရိပ်အမြွက်လောက်တော့ သဘောပေါက်သွားပါလိမ့်မယ်။ ရည်မှန်းချက်ကတော့ အဆင့်မြင့်နိုင်သလောက် မြင့်မြင့်မှာ ရပ်တည်နိုင်ဖို့ပါပဲ။ ဒါပေမယ့် ဘေးနားက ယှဉ်ပြိုင်ဖက်တွေရဲ့ လူစာရင်းကိုလည်း ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီနေ့ ကစားသွားတဲ့ အာဆင်နယ်အသင်းရဲ့ အရံခုံတန်းက လူစာရင်းကိုပဲ ကြည့်လိုက်ရင် တွေ့မှာပါ။”

“ချန်ပီယံဆုအတွက် အမှန်တကယ် စိန်ခေါ်နေတဲ့ နေရာမျိုးကို ကျနော် လိုချင်ပါတယ်။ ကစားသမားတွေဟာ တကယ့်ကို မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီအတိုင်းပဲ ဆက်လက်တိုးတက်နေဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ ဘယ်နေရာမှာ ရပ်တည်နိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့။”

“ဒီဘောလုံးရာသီမှာ ကျနော်တို့ အသင်းသားတွေ ထူးထူးခြားခြား စွမ်းဆောင်ပြ ထားနိုင်ခဲ့ တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ကျနော်တို့ အနားရချိန် တစ်ရက် နှစ်ရက်လောက် ပိုရခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ခြေစွမ်း တည်ငြိမ်မှုနှင့် အရည်အသွေး ကတော့ တကယ့်ကို ထူးရှယ်ပါပဲ။ ကျနော်တို့ အသေအချာ အာရုံ စူးစိုက်သွားမှာပါ။” ဟု ပြောကြား သွားခဲ့သည်။

အာဆင်နယ် အသင်းအပေါ် ဂိုးပြတ် အနိုင်ရရှိမှုနှင့် ပါတ်သက်ပြီး ရော့ဒ်ဂျာက “ကျနော်တို့ ဒီနေ့ လက်ဖျားခါရလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ ဒါ သြဇာတိက္ကမ ရှိတဲ့ အသင်း နှစ်သင်းကြားက ပြိုင်ပွဲမှာ အံ့အားသင့်လောက်တဲ့ စွမ်းဆောင်မှုမျိုးပါ။ ဒီနေ့ စွမ်းဆောင်မှုရဲ့ အဆင့်အတန်းကတော့ တကယ့်ကို ကမ္ဘာမှာ ရှာမှရှား အဆင့်အတန်းမျိုးပါပဲ။ ကျနော် အရမ်းကို ကျေနပ်မိပါတယ်။ ကျနော်တို့ အသင်းဟာ အချိန်တိုင်း တိုးတက်လာနေတဲ့ အသင်းပါ။”

“ပုံမှန် အရတော့ ဒီလို ပွဲမျိုးဟာ အရမ်းကို ခက်ခဲတဲ့ ပွဲမျိုးပါ။ လီဗာပူးလ်ဟာ အာဆင်နယ်ကို အနိုင်မရခဲ့တာ ၂၀၀၇ ခုနှစ်ကတည်းကပါ။ အတော့်ကို ကြာခဲ့ပါပြီ။ ကျနော်တို့ ဒီထက်တောင် ဂိုးပိုမို သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ဒီနေ့ ပွဲကို ထိန်းကျောင်းသွားပုံနှင့် ပါတ်သက်ပြီး ကျနော် ကျေနပ်မိပါတယ်။”

“အားပေးနေကြတဲ့ ပရိသတ်တွေဟာ အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ ကျနော်တို့အတည်း အာခေါင်ခြစ်သံတွေ ပါအောင် အားပေးခဲ့ကြတာပါ။ ကျနော်တို့ ပွဲထဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့တာဟာ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အရေးကြီးတဲ့အပိုင်းက ပါဝင်ပါတယ်။ ကျေနပ်စရာ အနေအထားပါပဲ။”

“တစ်ခါတရံမှာ ဒီလို ကောင်းကောင်း ကစားနိုင်ပေမယ့် ဒီလောက်အထိ ဂိုးမရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီလို အဆင့်အတန်းမျိုးမှာ ကစားနိုင်တယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင် သိနေပါတယ်။ အဲဗာတန်ကို အိမ်ကွင်းမှာ ၄-၀၊ စပါးကို အဝေးကွင်းမှာ ၀-၅ ဂိုး ရလာဒ်တွေနဲ့ အနိုင်ရခဲ့သလိုမျိုးပဲ ကျနော်တို့ ဂိုးအများကြီး သွင်းနိုင်တဲ့ ပွဲတွေ ဒီရာသီမှာ အတော်များများ ရှိခဲ့ပါတယ်။ ” ဟု ကျေနပ်စွာ ပြောကြားသွားခဲ့သည်။
Written by အောင်စိုးမိုး(နတ်ရွာ) 

0 comments:

Post a Comment