စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ် မန်မော် ကျေးရွာ ဆလိုင်းဘက်
ကွင်းတွင် လွန်ခဲ့သော နှစ်လ နီးပါးခန့်က မယားပါသား ဖြစ်သူက ပထွေးဖြစ်သူ အား
ဓားဖြင့် ခုတ်သတ်၍ အလောင်း ဖျောက်ထားသည့် ပြစ်မှုဆိုင်ရာ ကိစ္စ ကို
ဖေဖော်ဝါရီ ၈ ရက် နံနက် ၃ နာရီက အမှုဖွင့် အရေးယူ ခဲ့ကြောင်း
စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
လွန်ခဲ့သော နှစ်လ နီးပါးခန့်က တမူးမြို့နယ် တွင် မိသားစု ပြဿနာနှင့် ပတ်သက်၍ မယားပါသား ဖြစ်သူက ပထွေး ဖြစ်သူကို ညအချိန်တွင် ဓားဖြင့် ခုတ်သတ်၍ သေဆုံးသူ၏ အလောင်းအား ဖျောက်ဖျက်ထား သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ် လာခဲ့သည်။
ထိုသတင်းနှင့် ပတ်သက်၍ တမူး ဒေသခံ ရဲတပ်ဖွဲ့ဝင် များမှ သတင်း အတည်ပြုချက် ရရှိနိုင်ရန် ဖြစ်နိုင်ခြေ ရှိသော နေရာများတွင် ဒေသခံ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ စောင့်ကြပ် သတင်းရယူခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြ ခဲ့သည်။
ထိုသို့ သတင်းရယူ နေစဉ်တွင် ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီက ဆရာစံ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ထံ ၄င်း၏ မိတ်ဆွေ တစ်ဦးက အဆိုပါ သတင်းနှင့် ပတ်သက်၍ ဆက်သွယ် ပြောကြား လာသည့်အတွက် မှတ်တမ်းများ ရယူကာ သက်ဆိုင်ရာသို့ ဆက်လက်၍ တင်ပြ ခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် ယင်းသတင်းအား အတည်ပြု နိုင်ရန် စုံစမ်းဖော်ထုတ် ရာတွင် သေဆုံးသူအား ဖျောက်ဖျက် ထားသည့် အလောင်းကို စိစစ်တွေ့ရှိ ခဲ့ရသည် ဟု နယ်စပ်ဒေသ လုံခြုံရေး အဖွဲ့ဝင် တစ်ဦးထံ မှ သိရသည်။
ဖျောက်ဖျက် ပစ်ခြင်း ခံထားရသော သေဆုံးသူမှာ တမူးမြို့နယ် မန်မော် ကျေးရွာ နေ ဦးတင်ထွန်းနိုင် အသက် ၅၃ နှစ် ဖြစ်ကြောင်း သက်ဆိုင်ရာ ၏ စစ်ဆေး ပေါ်ပေါက်ချက် များအရ သိရသည်။ ထိုသူကို ပြီးခဲ့သည့် ၂ဝ၁၃
ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီက ဆလိုင်းဘက် ကွင်းရှိ နွားတဲအနီးတွင် မယားပါ သားဖြစ်သူ ဖိုးချင်း(ခ) အောင်ဇော်ဦး အသက် ၂၃ နှစ် ဆိုသူက ဓားဖြင့် ခုတ်သတ်ခဲ့ပြီး သေဆုံး သူပထွေး ၏ အလောင်းကို နောင်ကွန်း လယ်ကွင်းရှိ ခုတ်လှဲ ထားသည့် ထောက်ကြံ့ပင် အောက်တွင် မြေမြှုပ် ဖျောက်ဖျက် ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပထွေး ဖြစ်သူအား ဓားဖြင့်ခုတ်သတ် ၍ အလောင်းကို ဖျောက်ဖျက် ပစ်ခဲ့သူ ဖိုးချင်း(ခ) အောင်ဇော်ဦး အား ဥပဒေအရ အရေးယူ ဆောင်ရွက် နိုင်ရန် တမူးမြို့မ ရဲစခန်း ၏ ပြစ်မှုကြီး ဖြစ်စဉ် အမှတ် ၁/၂ဝ၁၄ (ပ)
၁၄/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂/ ၂ဝ၁ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit To : The Myawady Daily
0 comments:
Post a Comment