Monday, February 3, 2014

သန်မြန်သူ (၇၇) ယာဉ်လိုင်း ခရီးသည်တင်ဒိုင်နာ တိမ်းမှောက် တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

ဒဂုံတက္ကသိုလ် မုခ်ဦးအနီး မင်းရဲကျော်စွာ လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ ၂ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က သန်မြန်သူ (၇၇) ယာဉ်လိုင်းမှ ခရီးသည်တင် ဒိုင်နာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ညာဘက်လမ်းစပ်ရှိ လယ်ကွင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ရာမှ အသက် ၄၅ နှစ်အရွယ် ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဂုံမြို့သစ် (အရှေ့) ပိုင်းမြို့နယ်မှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်သို့ ပြေးဆွဲနေသော သန်မြန်သူ အမှတ် (၇၇) အနီရောင် ယာဉ်လိုင်းမှ ဒိုင်နာယာဉ်မှာ မင်းရဲကျော်စွာ လမ်းမကြီးအတိုင်း မောင်းလာစဉ် ယာဉ်၏ တိုက်ရော့ ပြုတ်ထွက်ကာ လမ်းဘေး ညာဘက်အစပ်ရှိ လယ်ကွင်းထဲသို့ ထိုးဆင်း တိမ်းမှောက်ခဲ့ကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင်နေသူ ခရီးသည် ဦးဌေးအောင်မှာ ယာဉ်ပိကာ သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသည့် ခရီးသည် ရှစ်ဦးကို သင်္ဃန်းကျွန်း စံပြဆေးရုံနှင့် ဒဂုံမြို့သစ် ( အရှေ့ပိုင်း) ပြည်သူ့ဆေးရုံတို့တွင် အသီးသီး တင်ပို့ကုသထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

“ကားက လယ်ကွင်းထဲ ထိုးကျပြီး မှောက်တဲ့ အရှိန်ကြောင့် ကားမှာရှိတဲ့ သံကိုင်းတွေနဲ့ ဆောင့်မိပြီး အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီး နှစ်ယောက် ဖူးရောင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပေမယ့် စိုးရိမ်စရာ မရှိပါဘူး” ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် (၇၇) ဒိုင်နာ ယာဉ်မောင်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မ ရဲစခန်းက ယာဉ် (ပ)၂/၁၄၊ ပုဒ်မ ၂၇၉/၃၃၇/၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment