Tuesday, February 4, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး အဖွဲ့၌ ပါတီငယ်များမှ တစ်ဦးစီ ပါဝင်ရန် တောင်းဆိုမှု ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ရေးအတွက် ကိုယ်စားလှယ်ဦးရေ ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖေဖော်ဝါရီလ ၃ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စတင် ဖွဲ့စည်းလိုက်ရာတွင် ပါတီငယ်များမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ထည့်သွင်း ဖွဲ့စည်းရန် အဆိုတင်ပြချက် လွှတ်တော်ကိုယ်စားလှယ် အများစုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်လည်း ကန့်ကွက်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

“ကော်မတီ၊ ကော်မရှင်ဆိုတဲ့ သဘောက သေးလေ ကောင်းလေပဲ၊ အဓိကက လုပ်ရည်ကိုင်ရည်ပဲ။ အရေအတွက်မှ မဟုတ်တာ” ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကန့်ကွက်မှုအပေါ် မှတ်ချက်ပြု ပြောဆိုသည်။

ယင်းသို့ ဖွဲ့စည်းရာတွင် အင်အားများနေသော ကြံ့ခိုင်ရေး ပါတီဝင်နှင့် တပ်မတော်သား ကိုယ်စားလှယ်များကို လျှော့ချ၍ အင်အားနည်းပါတီမှ ကိုယ်စားလှယ်တစ်ဦးစီ ထည့်သွင်းပေးရန် ချင်းတိုးတက်ရေး ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးပေါ်လျံလွင်က တင်ပြ ပြောဆိုမှုကို လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။

မဲခွဲ ဆုံးဖြတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ကြံ့ခိုင်ရေး ပါတီဝင်များ၊ တပ်မတော်သား ကိုယ်စားလှယ်များက ယင်းအဆိုကို ကန့်ကွက်မဲ ၄၅၀ ရှိခဲ့ပြီး ထောက်ခံမဲ ၃၈ မဲသာ ရရှိကြောင်း တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တို့က ပြောကြားသည်။

အဆိုပါ ကော်မတီ ဖွဲ့စည်းရာတွင် လွှတ်တော်အတွင်း ရောက်ရှိနေသော ပါတီ ၂၁ ပါတီအပြင် တပ်မတော်သား၊ တစ်သီး ပုဂ္ဂလတို့၏ ပါဝင်မှု ရာခိုင်နှုန်းကို အချိုးကျ ဖွဲ့စည်းရခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယင်းကော်မတီတွင် ကြံ့ခိုင်ရေး ပါတီဝင် ၁၄ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ခုနစ်ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ နှစ်ဦးနှင့် အခြားပါတီနှင့် တိုင်းရင်းသား ပါတီများမှ ရှစ်ဦးဖြင့် ဖွဲ့စည်းထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

The Voice

0 comments:

Post a Comment