Thursday, February 27, 2014

အသင်းဖော်များကြောင့် အခက်အခဲဖြစ်လာကြောင်း ဗန်ပါစီ ဆို

မန်ယူအသင်းတိုက်စစ်မှူး ရော်ဘင်ဗန်ပါစီက အသင်းဖော်များ၏ ကစားကွက်ကြောင့် ၎င်းအတွက် တိုက် စစ်နေရာတွင် ကစားရပိုမိုခက်ခဲလာကြောင်း မန်ယူအသင်းက အိုလံပီယာကော့စ်အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အပြီးတွင် ထုတ်ဖော်ဝေဖန်ခဲ့သည်။

မန်ယူအသင်းသည် ဂရိတွင် သွားရောက်ကစားခဲ့သည့် ယင်းပွဲစဉ်၌ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အိုလံပီယာကော့စ်အသင်း၏ ဦးဆောင်ဂိုးများကို ခွင့်ပြုခဲ့ရကာ ရှုံးပွဲရင်ဆိုင်ခဲ့ရသည်။ အဓိကတိုက်စစ်မှူး အဖြစ် ပွဲထွက်လာခဲ့သည့် ဗန်ပါစီမှာ
အသင်းဖော်များ၏ ပံ့ပိုးပေးမှုမရရှိခဲ့ဘဲ ပွဲချိန်တစ်လျှောက်လုံးတွင် အိုလံပီယာကော့စ် အသင်းဂိုးပေါက်သို့ တစ်ကြိမ်သာကန်သွင်းခွင့်ရခဲ့ပြီး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့အတွက် ဗန်ပါစီက မန်ယူအသင်းဖော်များ၏ ကစားကွက်ပိုင်းနှင့်ပတ်သက်၍ ထုတ်ဖော်ဝန်ခံခဲ့ ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် လိုက်ပါကစားသည့် ကစားသမားတချို့မှာ ၎င်းဝင်ရောက်ကစားလိုသည့် နေရာလွတ်များကို ၀င်ရောက်ကစားခဲ့သည့်အတွက် နေရာလွတ်ရှာဖွေရန် ခက်ခဲခဲ့ပြီး ဂိုးသွင်းယူနိုင်ရန် ရုန်းကန်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်နောက်က လိုက်ပါကစားတဲ့ ကစားသမားတချို့ဟာ ကျွန်တော်ဝင်ကစားရမယ့် နေရာလွတ်တွေ မှာ ရံဖန်ရံခါဝင်ရောက်နေရာယူနေပါတယ်။ အဲဒီလိုလုပ်တာဟာ ကျွန်တော့်အတွက် ကစားရခက်ခဲစေပြီး နေရာလွတ်ရှာဖွေရာမှာ အခက်အခဲ ဖြစ်စေပါတယ်။ ကျွန်တော်က နောက်ကလိုက်ပါတဲ့ ကစားသမားရဲ့ နေရာယူမှုကို လိုက်ပြီးနေရာလွတ်ရှာဖွေရတာပါ။ အခုတော့ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်ဝင်ရောက် ကစားမယ့်နေရာတွေမှာ အခြားကစားသမားတွေရှိနေတာကြောင့် ကျွန်တော့်အတွက် အခက်အခဲဖြစ် ခဲ့ပါတယ်။ ဒါဟာ တကယ်ရှက်စရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ဗန်ပါစီက ပွဲအပြီးတွင် လာရောက်မေးမြန်းသည့် ဟော်လန်ရုပ်သံလိုင်း NOS ကို ပြောကြားသည်။

ပွဲချိန်အတွင်း အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း ဗန်ပါစီက “အခွင့်အရေးကို ကျွန်တော် ဖြုန်းတီးခဲ့မိတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် နောက်ထပ်အခွင့်အရေးတွေ ထပ်မံရရှိခဲ့ ခြင်း မရှိတော့တာကြောင့်ပါ။ အခွင့်အရေးတစ်ကြိမ်သာရရင် တစ်ကြိမ်ကိုကောင်းကောင်းအသုံးချနိုင်ဖို့ လိုပါတယ်”ဟု ၀န်ခံပြောကြားခဲ့သည်။

ဗန်ပါစီသည် ယမန်နှစ်ရာသီက အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် နည်း ပြဖာဂူဆန်၏လက်ထက်တွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး အသင်းဖော်တိုက်စစ်မှူး ရွန်နီ နှင့်လည်း အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်၏ ဂိုးသွင်းဘုရင်ဆုကိုလည်း ရရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် နည်းပြသစ် မိုယက်စ်၏လက်ထက်၌ ဒဏ်ရာပြဿနာများရရှိခဲ့သကဲ့သို့ ပုံမှန်ခြေစွမ်း အောက် ကျဆင်းနေခဲ့ကာ ဂိုးသွင်းနှုန်းလည်း ကျဆင်းလာခဲ့သည်။

ဗန်ပါစီ၏ မန်ယူကစားသမားဘဝမှတ်တမ်းတချို့
၂၀၁၂-၂၀၁၃ ရာသီ ၂၀၁၃-၂၀၁၄ ရာသီ
ပွဲထွက်ခွင့်ရမှု ၅၂ ပွဲ ၂၂ ပွဲ
သွင်းဂိုး ၃၃ ဂိုး ၁၄ ဂိုး
ဂိုးဖန်တီးပေးမှု ၁၀ ကြိမ် ၂ ကြိမ်
ဂိုးပေါက်ကန်သွင်းမှု ၈၁ ကြိမ် ၂၁ ကြိမ်
ဘောလုံးပေးပို့မှု ၁၇၇ ကြိမ် ၆၆ ကြိမ်
ဟက်ထရစ်ရရှိမှု ၂ ကြိမ် မရှိ
အောင်မြင်မှု ပရီးမီးယားလိဂ်ဖလား
ကွန်မြူနတီဒိုင်း

Mizzima

0 comments:

Post a Comment